စာသင်ခန်းအတွင်း ကျောင်းသားချင်း စကားများရာမှ တုတ်ဖြင့်ရိုက်

0
410

လောင်းလုံးမြို့နယ်တွင် စာသင်ခန်းအတွင်း ကျောင်းသားအချင်းချင်း စကားများရာမှ တုတ်ဖြင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကမြောကြီးရွာ စာသင်ကျောင်းတွင် ဇန်န၀ါရီလ ၂၁ ရက်က သတ္တမတန်း ကျောင်းသားနှစ်ဦး စာသင်ခန်းအတွင်း စကားများကြပြီး ကျိုးနေသည့် စားပွဲခုံမှ သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။
တုတ်ဖြင့်ရိုက်နှက်ခံရသည့် ကျောင်းသားမှာ ဦးခေါင်းတွင် ဖူးရောင်ဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းနောက် ဇန်န၀ါရီလ ၂၄ ရက်တွင် ရိုက်နှက်ခံရသည့် ကျောင်းသားကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ရိုက်နှက်ခံရသည့် ကျောင်းသား၏ မိခင်ဖြစ်သူက ဖေဖော်ဝါရီလ ၇ ရက်တွင် လာရောက်အမှုဖွင့်လှစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
တုတ်ဖြင့်ရိုက်နှက်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသားကို ရာဇသတ်ကြီးပုဒ်မ- ၃၂၅ ဖြင့် မောင်းမကန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။

 

Dawei Watch