တနင်္သာရီတိုင်းအတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း မလုပ်ကိုင်သည့် မြေဧက ငါးသောင်းကျော် ပြန်သိမ်း

0
413

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်ရန် မြေနေရာလျှောက်ထားပြီး သတ်မှတ်ချိန်အတွင်း လုပ်ကိုင်ခြင်း မရှိသည့် မြေဧရိယာဧကငါးသောင်း ခွဲခန့်ကို ပြန်လည်သိမ်းယူလိုက်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရန် လုပ်ကိုင်ခွင့်ရရှိထားသော်လည်း သတ်မှတ်ချိန် လေးနှစ်အတွင်း လုပ်ငန်းမလုပ်သည့် မြေဧရိယာများကို ပြန်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။
သိမ်းဆည်းလိုက်သည့်မြေဧရိယာစာရင်းကို တနင်္သာရီတိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ဧကတစ်သိန်းကျော်(၁၀၈၄ ၂၉ ဒဿမ ၀၄ ဧက) ခွင့်ပြုထားရာမှ လုပ်ငန်းလုပ် ကိုင်ခြင်းမရှိသည့် ဧကငါးသောင်းခွဲကျော်(၅၅၁၁၆ ဒဿမ ၉၂ဧက)ကို ပြန်လည်သိမ်းယူခြင်း ဖြစ်သည်။
လုပ်ငန်းလုပ်ရန် ခွင့်ပြုချက်ရထား ပြီး ၄ နှစ်အတွင်း ဖော်ထုတ်လုပ်ကိုင်ခြင်း လုံးဝမရှိသည့် မြေဧရိယာအားလုံးကို ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ထားသည့် မြေနေရာများကိုမူ ချန်လှပ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမြေဧရိယာများကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။
၁၉၉၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ခွင့်ပြုပေးထားသည့် မြေများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ခွင့်ပြုထားသည့် မြေနေရာများတွင် လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိကို ဗဟိုကော်မတီကိုယ်စား ခရိုင်အထူးအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး လုပ်ကိုင်ခြင်း မရှိသည့် မြေဧရိယာများကို ပြန်လည် သိမ်းယူခြင်းဖြစ်ကြောင်း ဦးမြင့်စန်းက ပြောသည်။
ပြန်လည်သိမ်းဆည်းခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း မြေဧရိယာ ငါးသောင်းကျော်တွင် လုပ်ကိုင်လိုသူများရှိပါက သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။
“လျှောက်တာက ဒေသခံတွေလည်း လျှောက်နိုင်တယ်၊ အခြားကုမ်္ပဏီတွေ လည်း လျှောက်နိုင်တယ်”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
လျှောက်ထားရာတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက်ဖြစ်ပါက ဧက ၃၀၀ အထိ ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုပေးနိုင်ပြီး ယင်းပမာဏထက်ကျော်လွန်ပါက ဗဟိုကော်မတီက ခွင့်ပြုပေးသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ တွင် လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် သက်ဆိုင်ရာရုံးများသို့ အကြိမ်ပေါင်းများစွာ သွားလာရခြင်း၊ ကြန့်ကြာခြင်းများ ကြုံတွေ့ရကြောင်း လုပ်ကိုင်ခွင့်လျှောက်ထားသူအချို့က ပြောသည်။

မြို့နယ်အလိုက် ပြန်လည်သိမ်းယူခဲ့သည့် မြေဧရိယာ-

မြို့နယ်/မြို့ဧက
ကော့သောင်း၅၇၁၄.၈၄
ခမောက်ကြီး၇၆၇၁
ဘုတ်ပြင်း၁၆၃၀၃
ကရသူရိ၁၂၆၆၆
ပြည်ကြီးမဏ္ဍိုင်၇၄၆၁
မြိတ်၁၁၀၉.၈၆
ကျွန်းစု၁၃၄.၈၅
ပုလော၃၀၀
တနင်္သာရီ၃၅၂၂.၆၄
လောင်းလုံး၁၂.၇၈
သရက်ချောင်း၅၀
ရေဖြူ၃၉.၅၀
ကလိန်အောင်၁၃၁.၄၅