ချက် ဘယ်လို မြှုပ်မှာလဲ

0
1246

“ဇာတိချက်ကြွေ မွေးရပ်မြေ” ဟု ပြောတတ် ကြသည်။
မိခင်ဝမ်းမှထွက်ချိန်၊ မိခင်နှင့် ဆက်နေသည့် ကလေး၏၀မ်းဗိုက်ပေါ်မှ ချက်ကြိုးကို လက်သည်/ သားဖွားဆရာမ/ဆရာဝန်က အနေတော် ဖြတ်မည်။ ၃ လက်မခန့်ရှည်မည့် ချက်ကြိုးက မွေးကင်းစဗိုက်တွင် တွဲလောင်းလေး ဖြစ်နေမည်။ ထိုတွဲလောင်းaလးက ခြောက်လာပြီး မကြာမီ ကြွေမည်။
ယင်းကို ချက်ကြွေသည်ဟု ခေါ်သည်။ ချက်ကြွေသည့် နေရာသည် မိမိ မွေးဇာတိ ဖြစ်သောကြောင့် “ဇာတိချက်ကြွေ မွေးရပ်မြေ”ဟု ပြောကြခြင်း ဖြစ် သည်။
ထားဝယ်သားအချို့က မိမိမွေးရပ်ကို ချက် ကြွေသည်ထက် နက်နက်နဲနဲ ပြောတတ်သည်။
“ငါ့ဟှ ထားဝယ်ရှင်းအိုးမ္လောက် စစ်စစ်”
“ငါက ထားဝယ် အချင်းအိုးမြှုပ် အစစ်ကွ”ဟု ဆိုခြင်း ဖြစ်သည်။
ထိုစကားအရ ကလေးနှင့်မိခင် ဆက်နေသည့် ချက်ကြိုးနှင့်အတူ မိခင်ဝမ်းမှ ထွက်လာသည့် အချင်းကို အိုးဖြင့်ထည့်ကာ မြှုပ်ကြဟန်တူသည်။
ထားဝယ်ခရိုင်အတွင်းမှ လူကြီးသူမအချို့ကို မေးမြန်းကြည့်ရာ အချင်းကို မြေမြှုပ်ခဲ့သည့်ဓလေ့ တွင်ကျယ်ခဲ့ကြောင်း ပြောဆိုကြသည်။ သို့သော် အိုးဖြင့် ထည့်မြှုပ်သည့် ခေတ်ကိုမူ မသိ၊ မမီဟု ဆိုကြသည်။
မြိတ်တွင်မူ မြင်ဖူးသူ ရှိနေသေးသည်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာနေ အသက် ၅၂ နှစ်ရှိ ဒေါ်မြင့်ကမူ အိမ်နီးချင်း အဖွားအိုက သူ၏ မြေးမလေးမွေးစဉ် အချင်းအား မြေအိုးထဲထည့်ကာ မြေကြီးထဲ မြှုပ်နေသည်ကို တွေ့ဖူးကြောင်း ပြောလာသည်။
“အဖုံးပါတဲ့ မြေအိုးလေးနဲ့ ကလေးရဲ့ အဖွားကိုယ်တိုင် မြှုပ်ပြီး ပါးစပ်ကလည်း တဖွဖွနဲ့ ရွတ်ဆိုနေတာ မြင်ဖူးတယ်၊ ဘာတွေ ရွတ်နေသလဲဆိုတာတော့ မသိဘူး”ဟု ဒေါ်မြင့်က ပြောသည်။
အများစုကမူ အိုးဖြင့် မြှုပ်သည်ကို မမြင်ဖူးကြ ပါ။
မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၇၂ နှစ်ရှိ ဒေါ်ရှုဟုန်ကလည်း အချင်းအား အိတ် သို့မဟုတ် အ၀တ်စဖြင့်ထုပ်ကာ အိမ်အနီးအနား တစ်ဝိုက်တွင် မြှုပ်လေ့ရှိကြောင်း ပြောသည်။
ထာဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကမြောကြီး ကျေးရွာမှ သားသမီး ၇ ဦးမွေးခဲ့ဖူးသည့် အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဒေါ်စန်းမြင့်ကတော့ သူ့ သား သမီးအားလုံး၏ အချင်းကို သေချာမြှုပ်ခဲ့သည်ဟု ပြောသည်။
အိုးဖြင့်တော့ မဟုတ်ပါ။ အိမ်မိုးဓနိဖက်တွင် သစ်ရွက်ဖြစ်စေ၊ စက္ကူဖြစ်ခင်းကာ မီးသွေး သုံးလေးခဲထည့်ပြီး မြေမြှုပ်ကြောင်း ပြောသည်။
“ကိုယ့်အိမ်ခြံထဲမှာပဲမြှုပ်ရတာ။ အိမ်ရဲ့အရှေ့ မြောက်ထောင့်အရပ်မှာ မြှုပ်လေ့ရှိတယ်။ ခေါင်း ရင်းဘက်မှာမြှုပ်လို့ မရဘူး။ ခေါင်းရင်းနဲ့လွတ် အောင် ရွေးပြီးမြှုပ်ရတယ်။ ကလေးမွေးပြီးပြီးချင်း သွားမြှုပ်ရတာ။ မီးနေသည်တွေ စိတ်ချောက်ချားတာတွေ မဖြစ်အောင် မြှုပ်ကြတာလို့ပဲ သိတယ်။ ခွေးတွေမဆွဲနိုင်အောင် တွင်းနက်နက်တူးပြီးမှ မြှုပ်ရတာ” ဟု ဒေါ်စန်းမြင့်က ပြောသည်။
ဤဘက်ခေတ်တွင် အချင်းအိုး မြှုပ်သည့် အလေ့အထ ပါးသထက်ပါးလာသည်။
အသက် ၃၀ ၀န်ကျင်နှင့် အထက် လူလတ်ပိုင်းအချို့ အချင်း မြှုပ်သည့်အလေ့အထကို မတွေ့ဖူး၊ မကြားဖူးဟု ဆိုလာကြသည်။
ခေတ်ကာလရွေ့လျားလာသည်နှင့်အမျှ အယူအဆဟောင်းများ တဖြည်းဖြည်း ပျောက်ကွယ်လာ ခြင်းကြောင့် ဖြစ်ပါမည်။
အထူးသဖြင့် ဆေးရုံတွင် မွေးဖွားသည့် အလေ့အထ ပိုများလာခြင်းကလည်း အချင်းမြှုပ်သည့် အလေ့အထကို ပျောက်လာ၊ လျော့လာစေသည်ဟု ဆိုနိုင်သည်။
အချင်းမြှုပ်လျှင် ကလေးမိခင် မီးတွင်းထဲ စိတ် ချောက်ချားမှု မရှိဟု ယူဆထားသည့် ဒေါ်စန်းမြင့်သည်ပင် သူ့သမီးများ ဆေးရုံတွင် မွေးဖွားလျှင် အချင်းကိစ္စ ကိုယ်တိုင် မစီမံနိုင်ပါ။
“သမီးတွေ ကလေးမွေးတဲ့အခါကျတော့ ဆေးရုံးမှာမွေးတာဆိုတော့ မမြှုပ်ဖြစ်ကြတော့ဘူး။ ဆေးရုံမှာက မြှုပ်ပေးတဲ့သူ တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီးမြှုပ်ခိုင်းလိုက်တာပဲ။ သူတို့ဘယ်မှာ သွားမြှုပ်ကြလဲတော့ မသိဘူး”ဟု ဒေါ်စန်းမြင့်က ပြောသည်။
ထားဝယ်ဆေးရုံကြီးတွင်မူ အချင်းမြှုပ်သည့် တွင်းကြီးတစ်တွင်း စီစဉ်ပေးထားကြောင်း သားဖွား မီးယပ်အဆောင်မှ သူနာပြုတစ်ဦးက ပြောသည်။
ထိုတွင်းကို အဖုံး ဖုံးထားကာ အချင်းထည့်ရန် အပေါက်ငယ်တစ်ပေါက် ဖောက်ထားပေးပေးသည် ဟု ဆိုသည်။
“သီးသန့် တွင်းနဲ့လုပ်ပေးထားတာဆိုတော့ ချင်းကနေပြီး ရောဂါကူးစက်မှုတွေ မဖြစ်အောင်ပေါ့။ သူက သွေးအစုအဝေးကြီး တစ်ခုလို ဖြစ်နေတာဆို တော့ မမြင်နိုင်တဲ့ရောဂါးပိုးတွေ ပါနေနိုင်တယ်လေ။ မိဘတွေကိုပေးလိုက်ရင် နီးတဲ့နေရာမှာ လွှင့်ပစ်တာ မျိုးတွေလုပ်မှာ စိုးရတယ်လေ”ဟု အထက်ပါ သူနာပြုက ပြောသည်။
သို့ဆို၍ အချင်းကို အသေအချာစီမံကာ မမြှုပ်ကြတော့ဟု မဆိုနိုင်ပါ။
“အခုခေတ်က ဆေးရုံမှာမွေးတာများတာဆို တော့ မြှုပ်တဲ့သူသိပ်မရှိတော့ဘူး။ အိမ်မှာမွေးရင် တော့ မြှုပ်နေကြသေးတယ်”ဟု ဒေါ်စန်းမြင့်က ပြောသည်။
သေချာသည်က အချင်းကို အိုးဖြင့် ထည့်မြှုပ် သည့်အလေ့အထ မတွေ့ မကြားရတော့ချေ။
သို့ဆိုလျှင် နှောင်းထားဝယ်သားတို့အနေဖြစ် “ငါ့ဟှ ထားဝယ်ရှင်းအိုးမ္လောက် စစ်စစ်”ဟု ပြောမည့် အစား တစ်ခုခု ရွေးပြောကြရတော့မည် ဖြစ်သည်။

 

တနင်္သာရီသတင်းအဖွဲ့