ဈေးများတွင် အေးခဲအသားရောင်းချပါက ဆိုင်ပိတ်သိမ်းမည်ဟုဆို

0
1089

ထားဝယ်မြို့နယ်အတွင်းရှိ ဈေးများတွင် အေးခဲအသားရောင်းချပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူမည့်အပြင် ဆိုင်ရောင်းချခွင့်ကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။
အေးခဲအသားရောင်းချသူကို ပထမအကြိမ်ဖမ်းမိပါက ခံဝန်ထိုးပြီး ပစ္စည်းသိမ်းမည်ဖြစ်ကာ ဒုတိယအကြိမ်တွေ့ရှိပါက ယင်းကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရပ်ကွက်အတွင်း သို့မဟုတ် ဈေးပြင်ပတွင် ရောင်းချပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။
“လတ်လတ်ဆတ်ဆတ်မဟုတ်တဲ့ အေးခဲအသားတွေကို စားသုံးဖို့မသင့်လို့ ဆက်တိုက်ဖမ်းမှာပါ”ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ အရေးယူခြင်းအပြင် သားသတ်လိုင်စင်ဖြင့် ၀ယ်ယူရောင်းချရသည့် ၀က်နှင့် အမဲသားကဲ့သို့ အေးခဲအသားများကို ရောင်းချပါက အများဆုံးထောင်ဒဏ် တစ်နှစ်နှင့် ဒဏ်ငွေကျပ်ငါးသိန်းအထိ ချမှတ်နိုင်သည့် စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းအမှုဆောင်အရာရှိက ပြောသည်။
အေးခဲအသားရောင်းချမှုကို မြို့တွင်း ဧရိယာတွင် ကြပ်မတ်သကဲ့သို့ နယ်စပ်ဝင် ပေါက်တွင်လည်း သေချာစွာစိစစ်သင့်ကြောင်း ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။
“နယ်စပ်မှာ ခွင့်မပြုရင်အထဲကို လာစရာအကြောင်းမရှိဘူး ထင်တယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်ကလည်း ထားဝယ်မြို့ ဒေါင်းငူတံငါရပ်ကွက်တွင် အေးခဲအသားရောင်းချနေသည့်အိမ်ကို သက်ဆိုင်ရာဌာနများ ပါဝင်သည့်အဖွဲ့ဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သည်။
အဆိုပါအိမ်တွင် ထိုင်းနိုင်ငံမှတင်သွင်းသည့် ကြက်၊ ၀က် အေးခဲအသား ၂၆၁ ဒဿမ ၆ ကီလိုဂရမ်ကို သိမ်းဆည်းဖျက်ဆီးခဲ့ပြီး ခံဝန်ထိုးစေခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကိုဇော်