ကြိုးကျစ်သည့် အိမ်ရှင်မများ

0
1354

တနင်္သာရီတိုင်းအတွင်းရှိ အိမ်ရှင်မ အများစု၏ အဓိကတာဝန်မှာ မိသားစု၏နိစ်္စဓူဝကိစ္စများ ဖြေရှင်းရေး ဖြစ်ပါမည်။
အများစုအနေဖြင့် အ၀တ်လျှော်၊ အိမ်သန့်ရှင်းရေးစသည့် အိမ်ဗာဟီရ အလုပ်များ လုပ်ပြီးလျှင် ထမင်းဟင်းချက်၊ မိသားစုကို ပြင်ဆင်ခူးခပ်ကျွေး၊ နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ကြသူရှိမည်။ သို့မဟုတ် တီဗွီထိုင်ကြည့်သူ ကြည့်မည်။ အိမ်နီးချင်းများနှင့် ထွေရာလေးပါး စကားဖောင်ဖွဲ့ကြသူများလည်း ရှားကြ မည်မထင်။
အချို့အိမ်ရှင်မတို့က ထိုနည်းဖြင့် အချိန်မဖြုန်းဘဲ အထည်ချုပ်၊ ဇာပန်းထိုး စသဖြင့် လုပ်ကြမည်။ ထိုအလုပ်များက ခွန်အားများစွာ မစိုက်ထုတ်ရပေ။ နေပူထဲ လည်း မထွက်ရ။ ချွေးတစ်ပေါက်ပင် မကျ။
သို့သော် အားခွန်စိုက်ထုတ်ပြီးလုပ်ရသည့် အိမ်တွင်းတစ်နိုင်တစ်ပိုင်အလုပ် လုပ်ကြသည့် အိမ်ရှင်မအနည်းစုလည်း ရှိနေကြသည်။
ထိုထဲမှ အိမ်တွင်း တစ်နိုင်တစ်ပိုင် အလုပ်တစ်ခုက အုန်းဆံကြိုးကျစ်သည့် အလုပ်။
မြိတ်မြို့အတွင်း တစ်နိုင်တစ်ပိုင်အိမ်တွင်းလုပ်ငန်းအဖြစ် အုန်းဆံကြိုး ကျစ်ကြသည့် မိသားစု အိမ်ခြေ ၂၀ မှ ၃၀ နီးပါးခန့်အထိရှိနိုင်ကြောင်း အုန်းဆံကြိုး လိုက်လံဝယ်ယူသည့် ဒိုင်များထံမှ သိရသည်။
အုန်းဆံကြိုးကျစ်သည့် အုန်းသီး အခွံများအား ယခင်က အုန်းသီးရောင်းသည့် ဒိုင်များ၊ အုန်းသီးခြစ်သည့် ဆိုင်များတွင် ၀ယ်ယူရသည်။
ယခုအခါဝယ်ယူရခြင်း မရှိတော့ဘဲ ဒိုင်များကိုယ်တိုင်က အိမ်တိုင်ရာရောက် စရိတ်ငြိမ်းလာပို့ခြင်းများရှိကာ တချို့ ဒိုင်များကိုမူ ကားခနှင့် ဘေးတွဲဆိုင်ကယ် ခများကိုပေးရကြောင်း အုန်းဆံကြိုးကျစ် သူများက ပြောသည်။
ဒိုင်မှလာပို့သည့် အုန်းသီးအခွံအ ခြောက်များအား ထုကာ အခေါက်ခွာရသည်။
အခေါက်ကို အိုးအတွင်း ၂ ရက် ၂ ညတိတိ ရေစိမ်ကာ အုန်းခွံအသား ပွလာမှထု၍ရကြောင်း ဒေါ်ယုက ရှင်းပြသည်။

“ထုပြီးအမျှင်လေးတွေ ဖြစ်လာရင် တစ်နေလှန်းထားရသေးတယ်။ ခြောက်မှ ကြိုးကျစ်လို့ရတယ်”ဟု အုန်းဆံအမျှင်များအား လက်ဖြင့် ဖဲ့ထုတ်ရင်း၎င်းင်းက ပြောသည်။
သားသမီး ၇ ဦး၏ မိခင် အသက် ၃၅ နှစ်ရှိ အိမ်ရှင်မ ဒေါ်စန်းဝေသည် လည်းအုန်းဆံကြိုးကျစ်သက်တမ်း ၆ နှစ်ခန့် ရှိလေပြီ။
ဒေါ်စန်းဝေသည် မနက် ၄ နာရီ အိပ်ရာမှထကာ ထမင်းဟင်းချက်ပြုတ် ဘုရားဆွမ်းကပ်သည်။ ပြီးလျှင်ကျောင်း သားများ အတွက် ထမင်းဘူးပြင်ပေးပြီး အုန်းဆံကြိုးကျစ်သည့် လုပ်ငန်းခွင်သို့ ၀င်သည်။
ရလာသည့် အုန်းဆံကြိုးများကို ညနေတွင် အုန်းဆံကြိုးအ၀ယ်ဒိုင်များက လာသိမ်းသွားသည်။ လုပ်ငန်းခွင် အတွင်း မိုးချုပ်သည်အထိ တစ်နေကုန် လုပ်လျှင်ငွေကျပ် ၃၀၀၀ ၀န်းကျင်တော့ ရသည်။ အုန်းဆံကြိုးဈေးက ဒိုင်မှ သတ်မှတ်သည့်ဈေး ဖြစ်သည်။
အတောင် ၂၀ ခန့်အရှည်ရှိ လက်ညိုး လုံးခန့်ကျစ်ပြီးသား အုန်းဆံကြိုး တစ်ခေါင်းလျှင် ပွဲစားဒိုင်များလာဝယ်သည့် ဈေးက ကျပ် ၁၃၀ သာရကြပြီး ယခင်ကဆိုလျှင် ကျပ် ၂၀၀ အထိရခဲ့ ကြောင်း အုန်းဆံကြိုးလုပ်ကိုင်သူများက ပြောပြသည်။
“ဈေးက ဘာကြောင့် ကျသွားလဲ တော့မသိဘူး။ သူတို့ပေးတဲ့အတိုင်းပဲ ရောင်းနေရတာ”ဟု ဒေါ်စန်းဝေက ဆို သည်။ ဒိုင်များက အုန်းဆံကြိုးများ လိုက်လံဝယ်ယူကြပြီး မြို့တွင်းရှိ အရောင်းဆိုင်များသို့ တစ်ဆင့်ခံပြန် လည် ရောင်းချကြသည်။
အိမ်ရှင်မတို့ကျစ်သည့် အုန်းဆံ ကြိုး အားလုံးနီးပါးကို လှေထေးသမား နှင့်လှေသမားများက ၀ယ်သုံးကြသည်။
တနင်္သာရီတိုင်းရှိ ငါးဖမ်းလှေများ၊ ကုန်တင်လှေများနှင့် ခရီးသည်တင် လှေစသဖြစ် လှေ ၉၉ ရာခိုင်နှုန်းက သစ်လှေများ ဖြစ်သည်။ သစ်လှေများတွင် အုန်းဆံကြိုးက မရှိမဖြစ်။
လှေရေမချခင်မှအစ သစ်သား တစ်ပြားနှင့်တစ်ပြားစပ်ကြောင်းများတွင် အုံးဆန်ကြိုးဖြင့် ဖာထေးရသည်။ ရေချပြီး အသုံးပြုနေသည့်လှေတွင်လည်းရေစိမ့် ရေယိုခြင်းများ ဖြစ်ပေါ်လာလျှင်လည်း အုန်းဆံကြိုးအား စပ်ကြောင်းအတွင်း စို့များ၊ တူများအသုံးပြုကာ ရိုက်သွင်းဖာထေး ကြရသည်။ ပြီးလျှင် ပွဲညက်ခေါ် အင်တွဲဖြင့် စပ်ကြောင်းအတိုင်း လိုက်ကာဖာထေး ရသည်။
ယင်းကိုလှေထေးသည်ဟု ဒေသခံ များကခေါ်ကြသည်။ လှေထေးလုပ်ငန်း အတွက် အိမ်တွင်းအုန်းဆံကြိုးကျစ်သည့် လုပ်ငန်းက မရှိမဖြစ်။
လှေထေးလုပ်ငန်းနှင့် အုန်းဆံကြိုး ကျစ်လုပ်ငန်းတို့က ဒင်္ဂါးပြားတစ်ခု၏ခေါင်းနှင့်ပန်းကဲ့သို့ ခွဲခြားမရ ကိုင်းကျွန်း မှီကျွန်းကိုင်းမှီနေ ကြရသည်။
အုန်းဆံကြိုးကျစ်သည့်အလုပ်က တစ်နေကုန်လုပ်မှ ပိုက်ဆံ ကျပ် ၂၀၀၀ မှ အလွန်ဆုံး ကျပ် ၃၀၀၀ ခန့်သာရကြ သဖြင့် အရွယ်ရောက်ပြီး တစ်ခြားအလုပ် လုပ်နိုင်သည့် အမျိုးသမီးများနှင့် ယောက်ျားသားများက လုပ်ကိုင်ခြင်း မရှိကြပါ။

အိမ်တွင်းထမင်းချက်ရင်း နားနား နေနေ အပိုဝင်ငွေမစို့မပို့သာရရှိသည့် အလုပ်ဖြစ်သည့်အတွက် အိမ်ရှင်မများသာလုပ်ကိုင်ကြကြောင်း မြိတ်မြို့ဇေယျသီရိ ရပ်ကွက် ရွှေလိပ်ပြာလမ်းအတွင်း တစ် နိုင်တစ်ပိုင်အုန်းဆံကြိုးလုပ်သူ အသက် ၅၈ နှစ်ရှိ ဒေါ်ယုက ပြောပြသည်။
“လက်ဖက်ရည်ဖိုးလေး၊ ရေဖိုးလေး ကာမိရင်လည်း မနည်းဘူး ဆိုပြီးတော့ လုပ်နေရတာ” ဟု ၎င်းက ပြောသည်။
အစစအရာရာ ဈေးကြီးပေးကာ ၀ယ်နေရသည့် ခေတ်ဖြစ်သည့်အတွက် အောက်ခြေလူတန်းစားများအနေဖြင့် မောင်တစ်ထမ်းမယ်တစ်ရွက် အလုပ် လုပ်မှနေ့စဉ်စားဝတ်နေရေးက တော် သင့်ရုံသာ။ သို့ကြောင့်ယင်းအလုပ်ကို လုပ်နေရကြောင်း သူမကဆိုသည်။
မိုးရာသီဆိုလျှင် အုန်းဆံကြိုးကျစ်သူ တို့ အလုပ်မတွင်။ အုန်းဆံကြိုးဝယ်သူ များက နွေရောမိုးပါ ထွက်သလောက်ဝယ် ယူကြသော်လည်းပေးသည့်ဈေးနှုန်းက တသမတ်တည်းသာပေးကြသည်ဟု ဒေါ်စန်းဝေက ပြောပြသည်။
“ထုပြီးသားတွေ လှန်းဖို့နေမရှိရင် အလုပ်လုပ်လို့မရဘူး ဒီအတိုင်းနေနေရတယ်နွေရာသီလောက်တော့တွက်ချေ မကိုက်ဘူးပေါ့”ဟု ဒေါ်ခင်စန်းဝေက တာလပတ်ပိုင်းပေါ်နေလှန်းထားသည့် အုန်းဆံများအား လက်ဖြင့်လိုက်လံ ထိုး ဆွရင်း ပြောသည်။
အုန်းဆံကြိုးအား ခြေမနှင့်ခြေညိုး ကြားညှပ်ကာ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ကြိုးကျစ်နေရင်း တစ်ခါ တစ်ခါ လေအဝှေ့၌ ယင်းအမှုန့်တချို့ က ချွေးစို့နေသည့် သူ့မ၏မျက်နှာ၌ လာရောက် ကပ်ငြိလျက်။
“ဒီအမှုန့်တွေရှုနေရတာကလည်း အကျင့်ဖြစ်နေလို့ မမွန်တော့ဘူး။ ခုထိ ဘာမှတော့ မဖြစ်သေးဘူး”ဟု လုပ်သက် ၆ နှစ်ခန့်ရှိသည့် ဒေါ်စန်းဝေက ဆိုသည်။
ထိုအုန်းဆံအမှုန့်များကို စိုက်ပျိုး ရေးခြံလုပ်သူများက တစ်အိတ် ကျပ် ၅၀၀ ပေးကာ လာရောက်ဝယ်ယူ ကြသည်။
ထိုအလုပ်ကို အိမ်ငှားခ ရေဖိုးမီးဖိုး ရပ်ကွက်အကောက်အခံ စသည့်အထောက် အပံ့ရအောင် လုပ်နေရသော်လည်း အလုပ် ဒဏ်ကြောင့် ညောင်းညာကိုက်ခဲပြီး ညဘက် အိပ်သည့်အခါ ဘယ်ညာလှည့်အိပ်ရန် ပင်အဆင်ပြေမှုမရှိကြောင်း ဆယ်စုနှစ် တစ်ခုခန့် ယင်းအလုပ်လုပ်လာသူ ဇေယျာသီရိရပ်နေ ဒေါ်ယုကညည်းတွား ပြောဆိုသည်။
“တအားညောင်းညာကိုက်ခဲလာရင် လည်း ဆေးလေးဝယ်သောက် လိုက်နေ ကောင်းရင်ပြန်ထလုပ်လိုက်နဲ့ ဒီလိုပဲ လုပ်နေရတာပေါ့”ဟု ကျစ်ပြီးသွား သည့်အုန်းဆံကြိုး တစ်ခေါင်းကို နံဘေး ၌ ချရင်းသူမက ဆိုသည်။
အုန်းဆံကြိုး ၂ မျိုးရှိပြီး လှေသုံးရန် မဟုတ်ဘဲတိုက်ဆောက်သည့်အခါငြမ်း ချည်ရာ၌ အသုံးပြုသော အုန်းဆံကြိုး တစ်မျိုးလည်းရှိသေးကြောင်း အုန်းဆံကြိုး ရောင်းသည့်ဆိုင်များနှင့်အုန်းဆံထုသူများက ပြောပြသည်။ ယင်းအုန်းဆံကြိုး များက လက်သန်းလုံးထက်သေးငယ်ပြီး ကျစ်လျစ်ကာပို၍ ခိုင်ခံ့သည်။
“ဒီကြိုးမျိုးက မြိတ်မှာလုပ်သူ သိပ် မရှိဘူး ရန်ကုန်က ပြန်ဝယ်ရောင်းရတာ”ဟု မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ အုန်း ဆံကြိုးနှင့်ရေလုပ်ငန်းသုံးပစ်္စည်း အရောင်း ဆိုင်ရှင်က ပြောပြသည်။

ယင်းကြိုးများမှာ ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြဘက်မှထွက်ရှိပြီးစက်ဖြင့် ရက်လုပ်ထားသည့်အတွက် ဈေးနှုန်း မှာလည်းလှေထေးသည့် အုန်းဆံကြိုး ထက် ၃ ဆနီးပါးခန့်ပိုကြောင်း ၎င်းက ဆိုသည်။
ယင်းလုပ်ငန်းအား နှစ်ပေါင်း ၂၀ ခန့် လုပ်လာသည့် အသက် ၆၀ ကျော်အရွယ် ဒေါ်ခင်စန်းကတော့ အညောင်းခံပြီးနှစ် ရှည်လများလုပ်ကိုင်လာခဲ့သည့်အလုပ်ဒဏ်ကြောင့် တဖြည်းဖြည်းကျမ်းမာရေး ထိခိုက်လာသည့် အတွက် ပြီးခဲ့သည့် ၂ နှစ်ခန့်မှစ၍လုံးဝရပ်နားလိုက်ပြီဖြစ် ကြောင်း ပြောပြသည်။
“လက်နဲ့အားစိုက်ပြီး ထုရတဲ့ အလုပ်ဆိုတော့ အရမ်းမောတယ်။ ညဘက် အိပ်လို့မရဘူးရင်ပတ်တွေက ခုချိန်အထိ အောင့်နေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
အုန်းဆံကြိုးကျစ်သည့် လုပ်ငန်းက ပင်ပန်းပြီး လက်ရှိတွင် ဈေးကောင်းမရ ဟု ယင်းလုပ်ငန်းလုပ်ကြသူ အိမ်ရှင်မများက ညည်းတွားပြောဆိုနေကြသည်။
သို့သော်လည်း သစ်သားဖြင့် ပြုလုပ် သည့် လှေများရှိနေသေးသ၍ အုန်းဆံ ကြိုးများကိုလည်း လိုအပ်နေပါ ဦးမည်။
ယင်းနှင့်အတူ လှေထေးသမားများ၊ အုန်းဆံကြိုးရောင်းသူဝယ်သူများနှင့်ဝမ်း ရေးဖူလုံရန်အတွက် အမှိုက်ထဲမှ ငွေရှာ သည့်လုပ်ငန်းတစ်မျိုး ဖြစ်သည့် အုန်းဆံကြိုးကျစ်ကြသူများလည်း ရှိနေပေဦးမည်။

ကိုဆန်း(မြိတ်)