အမှုပွဲစားနှင့် နယ်စားရှေ့နေ

0
668

ပြီးခဲ့သည့်အပတ် ဇန်န၀ါရီ ၃၀ ရက် ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ကော့သောင်းမဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က တရားရုံးများတွင် အမှုပွဲစားပပျောက်ရေးကိုမည်သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းပြီး မေးမြန်းခဲ့သည်ကို ပြည်သူ့လွှတ်တော် လူမှုကွန်ရက်စာမျက်နှာတွင် ဖတ်ရှုခဲ့ရသည်။
အဆိုပါ မေးမြန်းချက်ကို ပြည်ထောင်စု တရားလွှတ်တော်တရားသူကြီး ဦးစိုးနိုင်က ကိုယ်စားပြု ပြန်လည်ဖြေဆို ခဲ့သည်ကိုလည်း တစ်ဆက်တည်းတွေ့မြင် ရသည်။ ဤနေရာမှာ ကျွန်တော်အတွက် တိုက်ဆိုင်ချက်က မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်က ရှေ့နေအလုပ်သင်ဆရာ အရင်း၊ ကျွန်တော်နဲ့ ယနေ့အထိ အဆက်အသွယ်ရှိပြီး လေးစားချစ်ခင်သူ၊ ရှေ့နေ လုပ်သက် ၃၅ နှစ်ရှိ ၀ါရင့်ရှေ့နေ။
ပြည်ထောင်စုတရားလွှတ်တော်ကိုယ်စား ဖြေကြားသူ ဆရာဦးစိုးနိုင်ကလည်း ရှေ့နေဘ၀၊ ဥပဒေအရာရှိဘ၀ အဆင့်ဆင့် ဖြတ်သန်းလာပြီး ဥပဒေလောက နှစ်(၃၀) ကျော် ဖြတ်သန်းလာပြီးမှ ပြည်ထောင်စု တရားသူကြီးဖြစ်လာသူ ကျွန်တော်ကိုယ် တိုင်လည်း လေးစားချစ်ခင်သူ၊ ကျွန်တော်ကို ဥပဒေပညာများစွာ သင်ပေးခဲ့တဲ့ဆရာ။
ဆိုလိုတာက တစ်ဖက်ကဆရာက မေးပြီး တစ်ဖက်က ဆရာကပြန်ဖြေသည့်အနေအထား။ ဆရာနှစ်ယောက်စလုံး က တရားရုံးလောကကိုများစွာ ကျေညက် သိရှိနေကြသူတွေ၊ မေးခွန်းမေးမြန်းချက်၊ ဖြေကြားချက်တွေထက် အပြင်က အခြေ အနေကို ပိုမိုသိရှိကြသူတွေ။
သို့သော် ရိုးသားစွာဝန်ခံရလျှင် ဖြေကြားချက်တွေ အားမရလှ၊ တရားစီရင် ရေးကောင်းဖို့၊ တည့်မတ်ဖို့ ယခုကိစ္စကလည်း ယခင်တစ်ပတ် တရားသူကြီးများ ကျမ်းကျိန်ဆိုရန် အဆိုကဲ့သို့ အရေးကြီး လှပေသည်။ ဖြေကြားချက် အနှစ်ချုပ်က အမှုပွဲစားတွေ၊ နယ်စားရှေ့နေတွေကို သက်ဆိုင်ရာ တရားရုံးများတွင် ဖော်ထုတ်တိုင်ကြားမည်ဆိုပါက အရေးယူမည်ဖြစ်ပါ ကြောင်းတဲ့။
ထိုနေရာမှာ မေးမြန်းသူဆရာက အမှုပွဲစားအကြောင်းကိုသာ မေးမြန်းခဲ့ပေမဲ့ ဖြေကြားသူဆရာက နယ်စားရှေ့နေ အကြောင်းကိုလည်း လက်ရှိအနေအထား နှင့် ချိန်ထိုးဖြေဆိုသွားသည်ကိုတော့ သတိထားမိသည်။ အများပြည်သူအနေနှင့် ထိုစကားလုံး နှစ်လုံး၏ ကွာခြားပုံနှင့် တရားစီရင်ရေးနှင့် တရားရုံးမှာ ဘယ်လောက် များအရေးပါတာလဲးလို့ မေးမြန်းချင် ကောင်း မေးမြန်းချင်ပါလိမ့်မည်။ ဥာဏ်မီသလောက် ဖြေဆိုပါရစေ။


အမှုပွဲစား
မြန်မာမှုလူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်း တွင် ပွဲစားဆိုသော လူအမျိုးအစားရှိ သည်။ အများအားဖြင့်အကျိုးဆောင်ဟု ဘာသာပြန်ကြပေလိမ့်မည်။ အိမ်ပွဲစား၊ ကားပွဲစား၊ စိန်ပွဲစား စသည်တို့ကို ဘာသာပြန်လျှင်တော့ မှန်ပေလိမ့်မည် အမှုပွဲစားကိုတော့ ဤသို့ဘာသာပြန် လျှင်တော့ မှားပေလိမ့်မည်။ အမှုဆိုတာ အကျိုးဆောင်ပြီး အခငွေကြေး ယူလို့ရတဲ့ အလုပ်မျိုး မဟုတ်တာတော့ အားလုံး သိရှိမည်ထင်ပါသည်။ အမှုဖြစ်နေတဲ့သူ ကို ဘယ်သူဖြစ်ဖြစ် ကူညီရမည့်ကိစ္စသာ ဖြစ်သည်။ ကျွန်တော်ရှေ့နေဖြစ်မှ အမှုပွဲစားဆိုသည့် အဓိပ်္ပာယ်ကောင်းစွာ သဘောပေါက်တော့သည်။
အမှုပွဲစားအလုပ်က ရှေ့နေတွေနှင့် လည်း ချိတ်ဆက်ထားရသည်။ တရားသူ ကြီး၊ ဥပဒေအရာရှိတို့နှင့်လည်း ချိတ် ဆက်ထားရသည့် အလုပ်ဖြစ်သည်။
ဥပမာ – အိမ်တစ်အိမ်မှာ လူတစ်ဦး အမှုတစ်ခုဖြစ်ပွားသည် ဆိုပါစို့။ အမှုပွဲစား ဆိုသူက ဘယ်ရှေ့နေ ဘယ်လောက်တော် ကြောင်း၊ ဘယ်တရားသူကြီး၊ ဘယ်ဥပဒေ အရာရှိက သူ့နဲ့ဘယ်လောက်ပိုင်ကြောင်း၊ အခုဖြစ်သည့်အမှုက မလိုက်လျှင် ဘယ်လိုဖြစ် သွားနိုင်ကြောင်း စသဖြင့် အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ စည်းရုံးပြီး ချိတ်ဆက်ထားသည့် ရှေ့နေကို အမှုအပ်ခိုင်းသည်။ အနှီ ရှေ့နေကလည်း အမှုလိုက်ခကနေ အကျိုးဆောင်ခကို ရာခိုင်းနှုန်းနှင့်တွက်ချက်ပြီး အမှုပွဲစားသို့ ပေးအပ်ရပါသည်။
မူးယစ်ဆေးဝါးအမှုများဆိုလျှင် ဆီးတွင် မူးယစ်ဆေးဝါး မတွေ့အောင်လိုက်ရမည်၊ ဆီးတွင် မူးယစ်ဆေးဝါးတွေ့ပါက ထောင်ဒဏ် ဘယ်လောက်တောင်ရှိမယ်ဆို ပြီးတော့ ပိုက်ဆံတောင်းပြန်၏။ တစ်ဖက် ကလည်း သူ့လူသုံးစွဲထားတာ မှန်တော့ အောင်လိုအောင်ငြား ပိုက်ဆံပေးရပြန် သည်။ မအောင်လျှင်လည်း ပွဲစားဆိုသူက ပေးထားငွေတစ်ဝက်လောက် ပြန်အမ်း လျှင်ဖြင့် တရားမ၀င်တာ လုပ်ထားတဲ့ အမှုသည်ခမျာ ငြိမ်ကျသွားရှာလေ၏ပေါ့။ အမှုစစ်နေတဲ့ အတောအတွင်း ဥပဒေအရာ ရှိကို ပေးဖို့ ဘယ်လောက်ပေးပါဦး၊ ရှေ့နေ က ဘာတွေလိုအပ်လို့တဲ့၊ အမိန့်ချခါနီး တရားသူကြီးကို ဂါရဖို့ ဘယ်လောက်တဲ့ ဆိုပြီး လုပ်စားကြတာ များပါသည်။ တကယ် ရတာလားဆိုပြီး ဘယ်သူမှလည်းတိုက် ရိုက် မမေးမြန်းရဲ။ တကယ်ယူပြီး ရာခိုင်နှုန်း နဲ့ပဲ ခွဲယူကြတာလားဆိုတာ ဘယ်သူမှ အတည်မပြုနိုင်၊ အမှုသည်ကတော့ ပန်းပဲဖိုရောက်နေတဲ့ သံပြားလို့ မီးရဲရဲမှာ ထုခံ နေပေ ဦးတော့။ အမှုသည်ကလည်း သူအိမ် ကလူက အစကတည်းက ဥပဒေနဲ့မညီတော့ အမှုပွဲစားလုပ်ပေးလိုက်လို့ပဲ သက်သာသွားသလိုလို၊ မသင်္ကာလို့ တိုင်ဖို့ဆိုပြန်ကလည်း အပြစ်ပဲပိုကြီးသွား မှာသလိုလိုဖြစ်ပြီး၊ နောက်ဆုံး အနှစ်ချုပ် ကြည့်တော့ အမှုသည်က သူ့မှာရှိတဲ့ ပိုက်ဆံလေးတွေ ရွှေတိုငွေစကလေးတွေ သာမက ဆိုင်ကယ်ကလေးကုန်၊ အကြွေး တွေတင်၊ ကုန်လိုက်တဲ့ ပိုက်ဆံကလည်း သောက်သောက်လဲ၊ ကိုယ့်အကုသိုလ်နဲ့ ကိုယ်ဆိုသလိုမျိုး။

အမှုပွဲစားတွေကတော့ တိုက်တွေ ဆောက်၊ ကားတွေစီးပြနဲ့ တော်တော်မခံချင် စရာကောင်းလှပေပေါ့။

ဒါဆို အမှုပွဲစားတွေက ဘယ်သူ တွေလဲဆိုလျှင် တရားရုံးတစ်ဝိုက်မှာ Taxi သမားလိုလို၊ ဈေးသည်လိုလိုနဲ့ လုပ်နေတဲ့သူတွေ၊ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ၊ ရှေ့နေတွေရဲ့ တပည့်လိုလိုသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ တရားရေးဝန်ထမ်း/ဥပဒေ ၀န်ထမ်း၊ ရဲတွေ၊ ရပ်ကွက်လူကြီးတွေ၊ တရားရုံးမှာ သက်သေခံလေ့ရှိတဲ့သူ သူတွေ အားလုံး ဖြစ်နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရ လျှင် သူတို့တွေအထူးတလည် မွေးထားတဲ့ သူတွေလည်းရှိတော့ ဒါကြီးကို ကွဲကွဲပြားပြား ဖမ်းဖို့က ပြည်သူကဖော် ထုတ်တိုင်ကြားတယ် ဆိုတာထက် သက်ဆိုင်ရာက ဥပဒေ တွေ၊ နည်းဥပဒေတွေပြဠာန်းပြီး ထိထိ ရောက်ရောက်အရေးယူနိုင်တဲ့ သြိပ တွေရှိဖို့အထူးလိုအပ်လျက် ရှိကြောင်းပါ ခင်ဗျ။ နောက်တစ်မျိုးရှိပါသေးရဲ့။

နယ်စားရှေ့နေ
နယ်စားရှေ့နေဆိုတဲ့ စကားလုံးက လည်း အလွန်ထူးခြားသော စကားပါပေ။ မြန်မာဘုရင်လက်ထက်များဆိုလျှင်ဖြင့် သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းရွက် ထားလို့ နယ်ပယ်များအပိုင်စားရထားတဲ့ ရှေ့နေများလားလို့တောင် ထင်စရာရှိသည်။ တရားစီရင်ရေးမှာတော့ ထို့သို့မဟုတ်။ တရားစီရင်ရေးယိမ်းယိုင်စေတဲ့ ကြီးမား သော အဆိပ်အတောက်လို့ ဆိုချင်ပါသည်။ နယ်စား ရှေ့နေဖြစ်အောင် ဘာအချက်တွေ လိုအပ်ပါသလဲလို့ဆိုလျှင် ရှင်းပြပါအံ့။ နယ်စားရှေ့နေဖြစ်ဖို့ ပထမဦးစွာ လိုအပ်တဲ့ အချက်က အထက်တွင်တင်ပြခဲ့သည့် အမှုပွဲစားဖြစ်သည်။ ၀န်ထမ်းထဲက၊ ရဲထဲက၊ ရပ်ကွက်လူကြီးထဲက၊ တရားရုံး အသိုင်း အ၀ိုင်းတွင် ကျင်လည်ကျက်စား လေ့ရှိသူထဲက၊

သက်သေလာရောက် ခံလေ့ရှိသည့် သူထဲက စသဖြင့် နယ်ပယ် အသီးသီးက လူအားလုံးကို အဆင်ပြေ အောင်ပေါင်းပြီးရရှိမည့် အမှုလိုက်ခထဲက ကြီးမားသော ရာခိုင်နှုန်းပေးပြီး မွေးထားရ မည်ဖြစ်သည်။ ပိုမိုရှင်းလင်းအောင်ဆိုရလျှင် ဘယ်သူတရားလိုလုပ်ဖမ်းဆီးသည့် အမှုက ဒီရှေ့နေကို ငှားကို ငှားရမည်၊ ဘယ်ရုံးရောက်နေသည့် အမှုဆိုလျှင် ဒီရှေ့နေကို ငှားကိုငှားရမည်။ ဘယ်သူသက်သေပါသည့် အမှုဆိုလျှင် ဒီရှေ့နေကို ငှားကို ငှားရမည် စသဖြင့် ကြိုတင်လုပ် ဆောင်ထားရပါသည်။ မငှားလျှင်ဘာဖြစ် မလဲဆိုတော့ တရားရုံးမှာ ဒို့တွေက သက်သေအဖြစ် လည်းကောင်း၊ အမှုစစ် သူအဖြစ်လည်းကောင်း ပါဝင်နေ၍ အခြားရှေ့နေငှားထားလျှင် ဘာမှလုပ် ပေးလို့ မရဘူးဆိုပြီး ဒီဒေသတ၀ိုက်မှာ ဒီလိုအမှုအမျိုးအစားမှာ တစ်ဦးတည်း လုပ်ပိုင်ခွင့်ရတဲ့ နယ်စားသဖွယ်ပြုမူ လာပါတော့တယ်။ ဥပဒေပညာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်တာ လွတ်လပ်တဲ့ အသက်မွေးဝမ်းကျောင်းဖြစ်ပေမဲ့ နယ်စားရှေ့နေတွေကတော့ အာဏာပိုင် သဖွယ်ဖြစ်နေပြီး အမှုလိုက်ခကိုတောင်းချင်သလောက်တောင်း၊ တရားသူကြီး အတွက်၊ ဥပဒေအရာရှိအတွက်၊ ရဲအတွက်၊ သက်သေခံလာတဲ့ သူအတွက်ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးပြ တောင်းသော်လည်း မဲမဲဝတ်ထားတဲ့ရှေ့နေကို လက်ရှိအမှု အတောအတွင်းမှာ လုပ်ချင်သလို လုပ်လိုက်မှာရယ်၊ ငွေရှာဖို့မတတ်နိုင်တော့တာ ရယ်၊ သူ့လက်ကလွတ်ဖို့ မလွယ်တာ ရယ်သိနေတော့ လုပ်သမျှ အောင့်အီးပြီး ခံစားနေရတဲ့အမှုသည် ဒုနဲ့ဒေးပါ။ အချို့ဆို ဒီမြို့မှာ အမှုဖြစ်သမျှ သူ့ကိုငှားမှ တရားဝင် တယ်ဆိုတဲ့အမြင်သာရှိပြီး၊ တခြားရှေ့နေ တွေကို သိတောင်မသိကြဘူးလို့ ၀မ်းနည်း ဖွယ် ကြားသိနေရပါ တယ်။ သက်ဆိုင် ရာကိုတိုင်ကြားဖို့ဆိုတာလည်း လက်တွေ့ မဖြစ်နိုင်၊ သာဓက အားဖြင့် ရန်ကုန်မှာဖြစ် ပွားတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး ကဲ့သို့သော အမှုပင်လျှင် သမ်္မတက ကျော်ဇောသတင်း သတ်မှတ်ပြီး စုံစမ်းဖော်ထုတ်လို့အဖြစ်မှန်ပေါ်တာမျိုးပါ။ တရားစီရင်ရေးစနစ်မှာ ဒီလိုမျိုးကိစ်္စတွေ အမြစ်တွယ်နေတာ ပြည်ထောင်စုတရားသူ ကြီး ဖြေကြားသလို ဖော်ထုတ်တိုင်ကြားလို့ တစ်ဦးတစ်ယောက်ကို အရေးယူလိုက်တာ နဲ့ အမြစ်ပြတ်သွား နိုင်လောက်တဲ့ အခြေ အနေမျိုးဖြစ်နိုင်တာ မဟုတ်ဘဲ ဒေသ အသီးသီးမှာပျံ့နှံနေတာ ဖြစ်လို့ စနစ်တစ်ခု လုံးကို အမြစ်ဖြတ် အရေးယူနိုင်အောင်လုပ် ပေးမှသာ တရားစီရင် ရေး ပြန်တည့်ဖို့ အထောက်အပံ့ကောင်း ဖြစ်စေလိမ့်မယ် လို့ပြည်ထောင်စု တရားလွှတ်တော်ကို တိုက်တွန်းပါကြောင်း။

 

အောင်ဇာနည်စိုး