ကျယ်ပြန့် နက်ရှိုင်းစွာ စဉ်းစားပါ

0
621

လက်ရှိကာလတွင် အများဆုံးတွေ့ရသည်မှာ တစ်ခုခုကို မြင်၊ သိ၊ ကြားသည် နှင့် အလွယ်တကူ တံဆိပ်ကပ်၊ အလွယ်တကူ လက်ညှိုးထိုး အလွယ်တကူပြောဆိုဝေဖန်ကြခြင်း ဖြစ်သည်။
အဖြူမဟုတ်လျှင် အမည်း၊ အမည်းမဟုတ်လျှင် အဖြူ စသဖြင့် ရန်ငါ စည်းခြားကြသည်။
တကယ့် ပြဿနာကို ဖြေရှင်းရာတွင် အလွယ်တကူ လက်ညှိုးထိုးရုံနှင့် မပြီးပေ။ အားလုံး ပူးပေါင်းအဖြေရှာမှသာ အဆင်ပြေလေ့ ရှိသည်။
ဥပမာ – မြိတ် – တနင်္သာရီ အဝေးပြေးလမ်းပေါ်ရောက်နေသည့် နွားများကြောင့် မကြာခဏ ယာဉ်မတော်မဆမှု ဖြစ်ပွားရသည့်ကိစ္စမျိုး ဖြစ်သည်။ ဌာနတစ်ခုနှင့် တစ်ခု၊ တစ်ဦးနှင့် တစ်ဦးသူ့တာဝန် ကိုယ့်တာဝန်ဟု လက်ညှိုးထိုးနေ ခြင်းထက်စာလျှင် အားလုံး ပူးပေါင်းပြီး ပြဿနာ၏ရင်းမြစ်ကို သေချာစွာ ဆန်းစစ်ရန် လိုပေသည်။
နွားအပြစ်လား၊ လူအပြစ်လားဟူသည့် စဉ်းစားချက်ထက် နွားများအဘယ့်ကြောင့် လမ်းပေါ်ရောက်လာသည်ကို ဘက်စုံ ထောင့်စုံမှ စဉ်းစားပြီး အဖြေရှာမှသာ ပြည့်စုံသည့် အဖြေကိုရှာတွေ့မည် ဖြစ်သည်။
လမ်းပေါ် ဖြတ်သန်းသွားလာသူများကြောင့်လား။
စားကျက်မြေ မရှိတော့သောကြောင့်လား။
နွားပိုင်ရှင်များ စည်းကမ်းမဲ့ နွားကျောင်းသောကြောင့်လား။
နွားတွေက လမ်းကို ကျူးတာလား။
လူတွေက စားကျက်ကို ကျူးတာလား။
စသဖြင့် များစွာသော ဖြစ်နိုင်ချေများကို စဉ်းစားပြီးအဖြေရှာရမည် ဖြစ်သည်။
တံဆိပ်ကပ်ခြင်းသည် အင်မတန်လွယ်သည့် အလုပ်ဖြစ်ပါသည်။ အင်မတန်လည်း အတွေးတိမ်သည့် အလုပ်ဖြစ်သည်။ အင်မတန်လည်း အန္တရာယ်ကြီးသည့် အလုပ်ဖြစ်သည်ကို သတိပြုစေချင်ပါသည်။

 

အယ်ဒီတာ