တိုင်းအတွင်း ခွေးရူးကာကွယ်ဆေး အလုံးရေ လေးထောင်ကျော် လိုအပ်

0
526

တိုင်းအတွင်းရှိ ဆေးရုံများတွင် အခမဲ့ ထိုးနှံပေးရန်အတွက် ခွေးရူးကာကွယ်ဆေး အလုံးရေ လေးထောင်ကျော် တောင်းခံ ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ခွေးရူးကာကွယ်ဆေးများကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနထံ နှစ်လတစ်ကြိမ် တောင်းခံလေ့ရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွက် ကာကွယ်ဆေးအလုံးရေ လေးထောင်ကျော်ကို ဇန်န၀ါရီလ ၃၀ ရက်က တောင်းခံထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ အဖွဲ့ခေါင်းဆောင် (ယာယီ) ဒေါက်တာ နန္ဒဝင်းက ဆိုသည်။
“ဆေးရုံတွေက တင်တောင်းတဲ့ အတိုင်း ရလာတဲ့ခွဲတမ်းအပေါ်မူတည်ပြီး ပြန်ခွဲပေးတယ်”ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။
ယမန်နှစ် နိုဝင်ဘာလ တနင်္သာရီ တိုင်းအတွင်းရှိ ဆေးရုံအားလုံးနီးပါးတွင် ခွေးရူးကာကွယ်ဆေးများ ပြတ်လပ်သွား ခဲ့သည့် အတွက် ကာကွယ်ဆေးအလုံးရေ သုံးထောင်ကျော် တောင်းခံခဲ့ရာ အလုံးရေ ခြောက်ရာသာ ရရှိခဲ့ကြောင်း ၎င်းက ဆို သည်။
ခွဲဝေရရှိသည့် ကာကွယ်ဆေးအလုံးရေ ခြောက်ရာကို တိုင်းအတွင်းရှိ ဆေးရုံ ငါးရုံသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ခွဲဝေပေးခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
လက်ရှိတွင်လည်း အထက်ပါ ဆေးရုံအများစု၌ ဆေးပြတ်လပ်နေပြီ ဖြစ်ကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုသည်။
ခွေးရူးရောဂါကာကွယ်ဆေးကို ခွေးကိုက်ခံရသည့် ဒဏ်ရာအနေအထား အပေါ်မူတည်ကာ တစ်ဦးလျှင် ပျမ်းမျှအား ဖြင့် ၄ ကြိမ်အထိ ထိုးနှံရကြောင်း ၎င်းက ရှင်းပြသည်။
ထားဝယ်မြို့ရှိ ပြင်ပဆေးခန်း အချို့တွင်လည်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ဆေးရုံအလိုက် တောင်းခံထားသည့် ခွေးရူးကာကွယ်ဆေးအလုံးရေ-

 ထားဝယ်၁၀၀၀
မြိတ်၁၀၀၀
သရက်ချောင်း၂၀၀
လောင်းလုံး၃၀၀
ရေဖြူ၂၀၀
မေတ္တာ၅၀
ပုလော၃၀၀
တနင်္သာရီ၂၀၀
ကျွန်းစု၂၀၀
ကော့သောင်း၆၀၀
ဘုတ်ပြင်း၂၀၀

ကိုဇော်