တနင်္သာရီ – မောတောင်လမ်းတွင် တိုးဂိတ်နှစ်ခု ဆောက်မည်

0
638

ဖောက်လုပ်လျက်ရှိသည့် တနင်္သာရီ မြို့နယ်၊ ထုံခါကျေးရွာမှ မောတောင်အထိ လမ်းဖောက်လုပ်ပြီးစီးပါက တိုးဂိတ်နှစ် ခု တည်ဆောက်မည်ဖြစ်ကြောင်း ယင်းလမ်းပိုင်းစီမံကိန်း ဒါရိုက်တာထံမှ သိရ သည်။
ထုံခါ-မောတောင်လမ်း အရှည် ၄၈ မိုင် ၆ ဖာလုံကို ၂၄ပေအကျယ် ကတ်္တရာ လမ်းအဖြစ် မြိတ်အများပိုင်ကုမ္ပဏီက BOT စနစ်ဖြင့် ဖောက်လုပ်နေခြင်း ဖြစ်သည်။
အဆိုပါလမ်းစီမံကိန်းကို ၂၀၁၃ ခုနှစ် မှ စတင်ဖောက်လုပ်ခဲ့ပြီး လက်ရှိတွင် ၉၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စီမံကိန်း ဒါရိုက်တာ ဦးသန်းလွင်က ပြော သည်။
“အခုလကုန်ပြီးလောက်(ဖေဖော်ဝါ ရီလအတွင်း)မှာ လမ်းအပြီးသတ်နိုင်မယ်။ အဲဒါပြီးရင် တိုးဂိတ်ဆောက်ဖို့ ဆက်လုပ် သွားမယ်”ဟု ဦးသန်းလွင်က ဆိုသည်။
တိုးဂိတ်အမှတ် ၁ ကို မြိတ်မှလာလျှင် တနင်္သာရီမြို့နယ်၊ ထုံခါလမ်းဆုံအလွန် ချောင်းနှစ်ပေါက် တံတားအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး တိုးဂိတ်အမှတ် ၂ ကိုမူ မောတောင်မြို့၊ အမှတ် ၁ ရပ်ကွက် တံတားအနီး၌ တည်ဆောက်ရန် လျာထား ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုးဂိတ်ဆောက်လုပ်ရန်အတွက် MIC ကို တင်ပြကာ စာချုပ်ချုပ်ဆိုရဦးမည်ဖြစ်ပြီး နေပြည်တော်ရှိ လမ်းဦးစီးဌာန ရုံးချုပ်ထံမှ ဒီဇိုင်းနှင့်ပုံစံမရသေးကြောင်း ဦးသန်းလွင်က ဆိုသည်။
BOT စနစ်အရ မြိတ်အများပိုင် ကုမ္ပဏီအနေဖြင့် ယာဉ်ဖြတ်သန်းခကို နှစ် ၃၀ ကောက်ခံခွင့်ရှိပြီး အခြေအနေအပေါ် မူတည်ကာ ၁၀ နှစ် သက်တမ်းနှစ်ကြိမ် ထပ်တိုးခွင့်ရှိသည်ဟု ၎င်းက ဆိုသည်။
“ကားတစ်စီးကို ဘယ်လောက်နှုန်းနဲ့ ကောက်ရမယ်ဆိုတာကတော့ လမ်းဦးစီးဌာနကပဲ သတ်မှတ်ပေးပါတယ်။ ခုလော လောဆယ်တော့ မသိရသေးပါဘူး”ဟု ဦးသန်းလွင်က ပြောသည်။
မြိတ် – မောတောင်ကို ယခင်ကကားဖြင့် ၇ နာရီခန့်မောင်းနှင်ရသော်လည်း လက်ရှိအချိန်တွင် လမ်းပိုမိုကောင်းမွန်လာ သည့်အတွက် ၃ နာရီခန့်သာ မောင်းနှင်ရ တော့ကြောင်း မြိတ် – မောတောင်ခရီးသည်ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးကျော်မိုး က ဆိုသည်။

 

ကိုဆန်း