ထားဝယ်တွင် မိုးရေလှောင်ကန် စတူးဖော်

0
625

ထားဝယ်မြို့၊ ရေးလမ်းပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားသိမ် (နတ်ကြီးလေးပါး) အနောက်ဘက်တွင် မိုးရေလှောင်ကန် တစ်ခုကို ယခုနှစ် ဇန်န၀ါရီလမှ စတင်တူးဖော်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
အဆိုပါ မိုးရေလှောင်ကန်ကို မီးငြိမ်းသတ်ရေး မီးသတ်ရေကန်အဖြစ် ကနဦး ရည်ရွယ်သော်လည်း ဘတ်ဂျက်အခြေ အနေအရ အပန်းဖြေနေရာအဖြစ်လုပ် ဆောင်ရန်ရည်ရွယ်ထားကြောင်း ဝန်ကြီး ဦးဟိုပင်က ဆိုသည်။
“ရေကို သောက်သုံးနိုင်တဲ့အဆင့်ထိ ဖြစ်အောင်ကြိုးစားမယ်၊ သောက်သုံးရေအတွက် ရည်ရွယ်တယ်”ဟု ၎င်းက ပြော သည်။
ရေကန်အကျယ်အ၀န်းမှာ အလျား ၂၅၀ ပေခန့်နှင့် အနံ ၁၈၀ ပေခန့်ရှိပြီး စုစုပေါင်း ဧရိယာအကျယ်အ၀န်းမှာ ၃၂၃၄၄ စတုရန်းပေရှိမည်ဖြစ်ကြောင်း ရေကန်တူးဖော်ခွင့်ရထားသည့် F22 Sunny Construction ကုမ္ပဏီထံမှ သိရသည်။
အဆိုပါရေကန်တူးဖော်မှုကို ငွေကျပ်သိန်းပေါင်း ၄၄၀ ဒဿမ ၆၁ သိန်းဖြင့် လုပ်ကိုင်ခွင့်ရထားသည်။
စာချုပ်တွင် ရေကန်အနက်ကို ၈ ပေ တူးရန် ဖော်ပြပါရှိပြီး ယင်း ၈ ပေ အနက်မှာ ရေသိုလှောင်ထိန်းသိမ်းမှု အားနည်းနိုင် သဖြင့် ရေသိုလှောင်ထိန်းသိမ်းနိုင်မည့် အနက်ပေအထိ လှေကားထစ်ပုံစံ တူးဖော်သွားမည်ဖြစ်ကြောင်း F22 Sunny Construction ကုမ္ပဏီပိုင်ရှင် ဦးဆန်နီက ဆိုသည်။
“(လာမည့်) မိုးရာသီမတိုင်မီ ပြီးသွားလိမ့်မယ်”ဟု ဦးဆန်နီက ပြောသည်။
ယင်းအပြင် ရေကန်ပတ်လည်တွင် ကျောက်စီနံရံ ပေ ၇၀၀ ခန့်ကိုလည်း တဆက်တည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါရေကန်တူးဖော်နေသည့် မြေနေရာကို ရွှေဘုန်းပွင့်ကျောင်း ဆရာတော်က မြေလှူထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

 

ကိုဇော်