တနင်္သာရီတိုင်းလူငယ်စင်တာ အတွက် မြေရှာဆဲ

0
416

တနင်္သာရီတိုင်းဒေသကြီး လူငယ်စင်တာဆောက်လုပ်ရန်အတွက် မြေနေရာ ရှာဖွေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးဟိန်းထက်ထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ လျာထားသတ်မှတ်ပေးခဲ့သည့် ရေဖြူမြို့နယ်၊ ကျောက်ရှပ်ရွာအနီးမှ မြေနေရာမှာ ထားဝယ် မြို့မှ မိုင် ၄၀ ခန့် ဝေးသဖြင့် လက်မခံဘဲ ထားဝယ်မြို့အနီးဝန်းကျင်တွင် မြေနေရှာများ ရှာဖွေစုံစမ်းနေကြောင်း ဦးဟိန်းထက်က ပြောသည်။
လူငယ်စင်တာဟူသည် လူငယ်များ အလွယ်တကူ စုစည်းတွေ့ဆုံနိုင်သည့် နေရာမျိုးဖြစ်ရမည်ဖြစ်ပြီး မြို့ပြဧရိယာနှင့် ၄ မိုင်ပတ်လည်ဝန်းကျင်အတွင်းသာဖြစ်သင့်သည်ဟု ဦးဟိန်းထက်က ပြောသည်။
ယင်းကြောင့် ထားဝယ်မြို့အတွင်း စည်ပင်ပိုင်မြေနေရာတစ်ခုနှင့် ဝယ်ယူရမည့် မြေနေရာတစ်ခုကို စုံစမ်းကာ စည်ပင်နှင့်လူမှုရေးဝန်ကြီးထံ တင်ပြညှိနှိုင်းခဲ့ရာ ပြေလည်မှု မရသေးကြောင်း သိရသည်။
“စည်ပင်ဝန်ကြီးအပေါ် အများကြီး မူတည်ပါတယ်၊ ကျွန်တော်တို့ကတော့ ရှာဖွေနေဆဲပေါ့”ဟု ဦးဟိန်းထက်က ပြောသည်။
လူငယ်ရေးရာကော်မတီဘက်မှ တင်ပြလာသည့် စည်ပင်မြေနေရာမှာ လက်ရှိတွင် စည်ပင်ကအသုံးပြုနေပြီး နောက်ထပ်လည်း အသုံးပြုရန်ရှိသေးသဖြင့် စည်ပင်လုပ်ငန်းသဘောအရ လူငယ်စင်တာနှင့် သဟဇာတမဖြစ်နိုင်ကြောင်းနှင့် ယင်းမြေနေရာကိုလည်း စည်ပင်ဌာနက မစွန့်လွှတ်လိုဖြစ်နေကြောင်း စည်ပင်နှင့် လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
“စည်ပင်ပဲ မဟုတ်ဘူး၊ ဌာနဆိုင်ရာတိုင်းက သူတို့မြေကို မပေးချင်ကြဘူး”ဟု ဝန်ကြီး ဦးဟိုပင်က ပြောသည်။
လူငယ်များဘက်မှတင်ပြသည့် နောက်တစ်နေရာမှာ ဝယ်ယူရမည့်မြေဖြစ် နေသည့်အတွက် မြေဝယ်ရန် ကုန်မည့်ငွေ၊ စင်တာအဆောက်အအုံဆောက်ရန် ကုန်မည့်ငွေ စသည့်ကုန်ကျမှုစရိတ်ကို အစိုးရဘက်ဂျက်တွင် ထည့်သွင်းရေးဆွဲရန် အခက်အခဲရှိနေကြောင်း ဝန်ကြီးက ပြောသည်။
ထိုကြောင့် ပိုမိုသင့်တော်သည့်နေရာ ကို လူငယ်များဘက်မှ ရှာဖွေတင်ပြရန် မှာကြားထားသည်ဟု ဦးဟိုပင်က ပြောသည်။
“လူငယ်တွေဘက်က မြင်တဲ့နေရာရှိ ရင်ပြော၊ စုံစမ်းပေးမယ်၊ လွတ်လပ်တယ်၊ ပေးလို့ရတယ်ဆို ပေးမယ်၊ ဖြစ်စေချင်တဲ့ နေရာ ပြောပါလို့တော့ ပြောထားတယ်” ဟု ၎င်းက ပြောသည်။
လူငယ်စင်တာ ဆောက်လုပ်ရန် မြေဧရိယာ အနည်းဆုံး ၃ ဧက ခန့် လိုအပ်သည်ဟု ၎င်းတို့က ဆိုသည်။