လိုင်စင်မရှိဘဲ မြစ်သဲကျောက်တူးဖော်ပါက တိုင်ကြားကြရန် မွန်သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးပြော

0
648

မွန်ပြည်နယ်အတွင်း တရားဝင် လိုင်စင်မရှိဘဲ မြစ်ချောင်းများအတွင်း သဲကျောက်တူးဖော်မှုများရှိပါက တိုင်ကြားကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
တရားမဝင်သဲကျောက်တူးဖော်မှုများကို အထောက်အထားအပြည့်အစုံဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် တရားမ၀င် ဓာတ်သတ္တုတူးဖော်မှု တားဆီးကာကွယ် ရေးကော်မတီများထံ တိုင်ကြားကြရန် ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
“လုပ်ငန်းလိုင်စင်မရှိဘဲ သဲကျောက်တွေ တူးဖော်နေတယ်ဆိုရင် အထောက်အထား အပြည့်အစုံနဲ့ တိုင်ကြားပါ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း ကိုယ့်နယ် မြေအတွင်းမှာ တရားမဝင်လုပ်ဆောင်နေ တာရှိ/မရှိ သိရှိရမယ် သိလို့ရှိရင် မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရမယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
မြစ်သဲကျောက်ထုတ်လုပ်ခွင့်ရထား သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း သဲ၊ ကျောက်များ ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး (သို့မဟုတ်) ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် အကောင်းဆုံး နည်းလမ်းများကို အသုံးပြုလုပ်ဆောင် ရန် လိုအပ်သည်ဟုလည်း ဝန်ကြီးက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မြစ်ချောင်း များတွင် သဲ၊ ကျောက်များ ထုတ်လုပ်ရန် ထုတ်လုပ်ခွင့်လိုင်စင် ၉ ခုသာ လုပ်ကိုင် ခွင့်ပြုထားကြောင်း မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက် ထိ ခွင့်ပြုပေးထားသည့် သဲ၊ ကျောက် ထုတ်လုပ်ငန်းလိုင်စင် ၉ ခု အနက် မော်လမြိုင်ခရိုင်အတွင်း သက်တမ်းတိုး ၂ ခုနှင့် သထုံခရိုင်အတွင်း သက်တမ်းတိုး ၄ ခုနှင့် လုပ်ငန်းအသစ် ၃ ခုတို့ဖြစ်သည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းလှိုင်က ပြောသည်။
“မွန်ပြည်နယ်မှာ မြစ်သဲကျောက် လုပ်ငန်းလိုင်စင်တမ်းသက်တိုးတာ ၆ ခုနဲ့ လုပ်ငန်းလိုင်စင်အသစ် ခွင့်ပြုပေးထားတာ ၃ ခု စုစုပေါင်း ၉ ခု ခွင့်ပြုပေးထားတယ်၊ သထုံခရိုင်ဘက်မှာ များပါတယ်” ဟု ဦးဝင်းလှိုင်က ပြောသည်။
မြစ်သဲကျောက်လုပ်ငန်းများ တရားမဝင်လုပ်ကိုင်ခြင်းရှိ/မရှိကို တရားမဝင် ဓာတ်သတ္တုတူးဖော်မှု တားဆီးကာကွယ်ရေး ကော်မတီတို့က လစဉ်စစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ယဉ်စနိုင်း