တနင်္သာရီတိုင်းတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးအစား တစ်ရာနီးပါး စာရင်းကောက်ယူ

0
998

တနင်္သာရီတိုင်းရှိ ထိတွေ့ကိုင်တွယ် မရသော ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးအစား တစ်ရာနီးပါးကို စာရင်းကောက်ယူထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။
ဒြပ်မဲ့ယဉ်ကျေးမူ (စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု) ဆိုသည်မှာ နေရာဒေသ အလိုက်၊ လူမျိုးစုအလိုက် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြသည့် ယုံကြည်ကိုးကွယ်မှု အလေ့အထများ၊ လူမှုရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာ များ၊ ဘာသာစကား၊ ပွဲတော်များစသည်တို့ကို ဆိုလိုသည်။
လက်ရှိကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးအစား ၉၆ မျိုးကို အုပ်စု ငါးစုခွဲကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကောက်ယူထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဒေါ်ကြူကြူသန်းက ပြောသည်။
ယင်းအုပ်စုငါးစုမှာ ပါးစပ်ရာဇဝင် ဖြင့်ဖော်ပြချက်များနှင့် ဘာသာစကားများ အုပ်စု၊ ဖျော်ဖြေတင်ဆက်မှု အနုပညာများ အုပ်စု၊ လူမှုရေးအစဉ်အလာအလေ့အထများနှင့် ရိုးရာဓလေ့များအုပ်စု၊ သဘာဝနှင့် စကြာဝဠာ ဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ် အလာ အလေ့အထများအုပ်စု၊ ရိုးရာလက်မှု ပညာရပ်များအုပ်စု ဟူ၍ဖြစ်သည်။

ပါးစပ်ရာဇဝင်ဖြင့် ဖော်ပြချက်များနှင့် ဘာသာစကားများအုပ်စုတွင် ထားဝယ်ရိုး ကြက်ကိုးဆိုသည့် ဆိုရိုးစကား၊ ကျွဲနှင့် ကြွက်လဲသည့် နဘုလယ်ပုံပြင်၊ ခံဗျား နှင့်ရှင် အသုံးအနှုန်း စသဖြင့် ရှစ်မျိုးပါဝင်ကြောင်း အထက်ပါဌာန စာရင်းအရ သိရ သည်။
ဖျော်ဖြေတင်ဆက်မှု အနုပညာအုပ်စုတွင် ဒေါင်းမင်းရာဇာ ထားဝယ်ရိုးရာ ဒိန်းအက၊ ခြေချိတ်ကစားနည်းအကဖြစ်သည့် ဖိုးရှင်ခေအက၊ မိုးခေါ်ပွဲ စသဖြင့် ၁၇ မျိုးပါဝင်သည်။
လူမှုရေးအစဉ်အလာ ဓလေ့များ၊ ရိုးရာဓလေ့များ အုပ်စုတွင် တနင်္သာရီမြို့နယ်တွင် ကျင်းပနေသည့် နဂါးလှေလှော် ပွဲ၊ ညောင်ရေသွန်းပွဲ စသဖြင့် ၁၆ မျိုး ပါဝင်ကြောင်း ယင်းဌာနစာရင်းအရ သိရသည်။
ယင်းအပြင် သဘာဝနှင့် စကြာဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာဓလေ့ များ အုပ်စုတွင် နေအိမ်များ၌ နတ်ကိုး ကွယ်မှု၊ ချက်ကြိုးမြှုပ်သည့်ဓလေ့ စသဖြင့် ၈ မျိုးပါဝင်ပြီး ထားဝယ်ရိုးရာ လက်မှုပညာရပ်များ အုပ်စုတွင် ထားဝယ် ငါးပိထောင်း၊ ငါးပိဖျော်၊ သဘော့ဖျာ လုပ်ငန်း စသဖြင့် ၁၄ မျိုး ပါဝင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
“ဒီဒြပ်မဲ့ ယဉ်ကျေးမှုတွေက တနင်္သာရီတိုင်းထဲမှာ ပိုပြီးထင်ရှားတဲ့ဟာကို အရင် ကောက်လိုက်တာ။ ကျန်တဲ့ဟာတွေ အများ ကြီးကျန်သေးတယ်”ဟု ဒေါ်ကြူကြူသန်းက ဆိုသည်။
အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုများ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းနိုင်ရန်အတွက် ကောက်ယူထားခြင်းဖြစ်ပြီး ယင်း ကောက်ယူထားသည့် စာရင်းအတိအကျ ပြုစုပြီးပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကိုတင်ပြမည် ဖြစ်ကြောင်း ယင်းဌာန၏ ထားဝယ်ဌာနခွဲ ထံမှ သိရသည်။

 

ကျော်သူစိုး