တနင်္သာရီတွင် တစ်နှစ်အတွင်း စက်သုံးဆီဆိုင် ခြောက်ဆိုင်တိုး

0
475

တနင်္သာရီတိုင်းတွင် တစ်နှစ်အတွင်း စက်သုံးဆီအရောင်းဆိုင် ခြောက်ဆိုင်တိုးလာကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ် ရေးအရာရှိရုံးထံမှ သိရသည်။
၂၀၁၇ ခုနှစ်က စက်သုံးဆီအရောင်း ဆိုင် ၁၆ ဆိုင်ရှိရာမှ ၂၀၁၈ ခုနှစ်ကုန်ချိန်တွင် ၂၂ ဆိုင်အထိရှိလာကြောင်း မြန်မာ့ရေနံ ထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ်ရေးအရာရှိ ဦးသန်းထွေးက ဆိုသည်။
ထားဝယ်ခရိုင်တွင် သုံးဆိုင်၊ မြိတ်ခရိုင်တွင် တစ်ဆိုင်နှင့် ကော့သောင်းခရိုင် တွင် နှစ်ဆိုင် တိုးလာခြင်း ဖြစ်သည်။
“လျှောက်ထားဆဲ၊ ဆောက်လုပ်ဆဲဆိုင်တွေလည်းရှိသေးတယ်”ဟု ဦးသန်းထွေးက ပြောသည်။
ဆောက်လုပ်ဆဲ(လိုင်စင်ဆောင်ရွက်ဆဲ) စက်သုံးဆီဆိုင် ၁၂ ဆိုင်ရှိပြီး လျှောက်ထားဆဲ ဆီဆိုင် ၁၅ ဆိုင်ရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။
ယင်းအပြင် မြစ်တွင်းစက်သုံးဆီ တိုက်ရိုက်ရောင်းချခွင့်လိုင်စင်ရှိသည့် ဆီသင်္ဘော ၆ စီးရှိပြီး နောက်ထပ်သင်္ဘော ၂ စီးက လိုင်စင်ဆောင်ရွက်ဆဲဖြစ်ကြောင်း ဦးသန်းထွေးက ဆိုသည်။
လက်ရှိတွင် ထားဝယ်ခရိုင်တွင် စက်သုံးဆီဆိုင် ၁၂ ဆိုင်၊ မြိတ်ခရိုင်တွင် ၆ ဆိုင်နှင့် ကော့သောင်းခရိုင်တွင် ၄ ဆိုင် ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

စက်သုံးဆီသိုလှောင် ရောင်းချခွင့်လိုင်စင်ကို ဆိုင်နေရာ၏ ရှေ့မျက်နှာစာ အကျယ်အဝန်းအပေါ်မူတည်ကာ သိုလှောင်နိုင် သည့် ဆီဂါလံ ပမာဏကို သတ်မှတ်ပေးကြောင်း အထက်ပါဌာနထံမှ သိရသည်။
အဆိုပါ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီအမျိုးအစားနှစ်မျိုးနှင့် ဒီဇယ်အမျိုး အစားနှစ်မျိုးကို ဖြန့်ဖြူးရောင်းချကြကြောင်း ယင်းဌာနထံမှ သိရသည်။
စက်သုံးဆီဆိုင် တည်ရှိရာနေရာမှာ မြို့အတွင်းဖြစ်ပါက ဓာတ်ဆီ/ဒီဇယ်ဆီ သိုလှောင်ကန်ကို မြေအောက်သံကန်များ ဖြင့်သာ သိုလှောင်ရမည်ဖြစ်သည်။
မြို့ပြင်ဖြစ်ပါက ဓာတ်ဆီကို မြေအောက်သံကန်ဖြင့်လည်းကောင်း၊ ဒီဇယ်ဆီကို မြေပေါ် သို့မဟုတ် မြေအောက် သံကန်ဖြင့်လည်းကောင်း သိုလှောင်ရမည်ဖေစ်ကြောင်း တိုင်းရောင်းဝယ်ရေးအရာရှိ ရုံးထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း တရားဝင် ရောင်းချနေသည့် စက်သုံးဆီဆိုင်ကြီးများအပြင် တရားဝင်မဟုတ်ဘဲ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် ဆိုင်ငယ်များလည်း များစွာရှိသည်။

ကိုဇော်