မြို့နယ်သုံးခုတွင် ဆိုလာသုံး အသေးစားဓာတ်အားလိုင်း တပ်ဆင်မည်

0
678

တနင်္သာရီတိုင်းရှိ လောင်းလုံး၊ ရေဖြူနှင့် ကျွန်းစုမြို့နယ်တို့ရှိ လျှပ်စစ်မီး အခက်အခဲရှိသည့် ကျေးရွာအချို့တွင် ဆိုလာဖြင့် အသေးစား ဓာတ်အားလိုင်း ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အဆိုပါ မြို့နယ်သုံးခုရှိ မည်သည့်ကျေးရွာများတွင် တပ်ဆင်မည်ဆိုသည်ကို အကြိုစစ်တမ်းကောက်ယူနေကြောင်း အထက်ပါ ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး (နည်းပညာ) ဦးကျော်ကျော်အောင်က ပြောသည်။
“အခုက ဆိုလာစနစ်နဲ့ မီးပေးမှာကို သဘောတူလား၊ တစ်ယူနစ်ကို ဘယ်လောက် နှုန်းထားနဲ့ကောက်မယ်၊ စာချုပ်ဘယ်လို ချုပ်မလဲဆိုတာတွေ ရွာသားတွေနဲ့ညှိနှိုင်း နေတာပဲရှိသေးတယ်”ဟု ဦးကျော်ကျော်အောင်က ဆိုသည်။
စစ်တမ်းမှ ရရှိလာသည့် အချက်အလက်များကို ရုံးချုပ်ကိုတင်ပြပြီးမှ ဆိုလာသုံး အသေးစားဓာတ်အားလိုင်း စနစ်တပ်ဆင် မည့်ရွာများကို တနင်္သာရီတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးကို ရုံးချုပ်က ရွေးချယ်ကာ ပြန်အကြောင်းကြားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ယင်းဆိုလာသုံး အသေးစားဓာတ်အား ဖြန့်ဖြူးမည့် ကုန်ကျစရိတ်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို အစိုးရအကုန်အကျခံ ပြီး ဒေသခံများမှ ၂၀ ရာခိုင်နှုန်း၊ ယင်း ဆိုလာစနစ် တပ်ဆင်မည့် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ကုန်ကျခံရကြောင်း ၎င်းက ပြောသည်။
ယင်းဆိုလာစနစ်ကို တပ်ဆင်ပြီးပါ က ဒေသခံများ ဓာတ်အားသုံးစွဲခ မီတာကြေးကို တပ်ဆင်သည့် ကုမ္ပဏီက ၁၀ နှစ်မှ ၁၅ နှစ်အကြား ကောက်ခံခွင့်ရှိကြောင်း ဦးကျော်ကျော်အောင်က ရှင်းပြသည်။
တိုင်းအတွင်း ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စု ခန္တီကျေးရွာ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ခန္တီကျေးရွာအုပ်စု ခန္တီတိုးချဲ့၊ ကံမော်ကြီး၊ လယ်ဖက် ကျေးရွာတို့တွင် အဆိုပါ ဆိုလာသုံး အသေးစား ဓာတ်အားပေးစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်သူစိုး