ပြည်ထောင်စုနေ့ မာရသွန်ပြိုင်ပွဲ ကျင်းပမည်

0
873

၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မာရသွန်ပြိုင်ပွဲကို ထားဝယ် မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း  တိုင်း အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၆ နာရီ တွင် ကျင်းပမည့် ၅ ကီလိုမီတာ ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲကို ထားဝယ် ဂေါက်ကလပ် ရှေ့မှ တာလွှတ်ကာ ထားဝယ်လေဆိပ်၊ ၀ဲကျွန်းရပ်ကွက်၊ မီးသတ်လမ်းဆုံတို့ဘက်မှ ပတ်၍ ရွှေဝယ်သီရိအားကစားကွင်းတွင် ပန်းဝင် ရမည်ဖြစ်ကြောင်း တိုင်းအား/ကာ ထံမှ သိရသည်။

ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူ များကို ပြိုင်ပွဲဝင်တီရှပ်အကျီတစ်ထည်စီ ပေးမည်ဖြစ်ပြီး ပထမဆုံး ပန်းဝင်သည့် ငါးဆယ်ဦးအား ဆုအသီးသီးချီးမြှင့်မည် ဖြစ်ကြောင်း တိုင်းအား/ကာမှ ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

မာရသွန်အပြေးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိတို့ မြို့နယ် ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် အား/ကာ ဦးစီးဌာန များတွင် ဖေဖော်ဝါရီလ ၅ ရက်နောက်ဆုံး ထား၍ ရုံးချိန်အတွင်း စာရင်းပေးသွင်းနိုင် ကြောင်း တိုင်းအား/ကာထံမှ သိရသည်။

 

                   Dawei Watch