ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေး အရေးယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံများ တိုင်

0
1968

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တိုင်းအလုပ်အမှု ဆောင်အဖွဲ့ ဥက်္ကဋ္ဌလည်းဖြစ်သူ ဦးအောင်စိုး၊ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့၏ အဂတိလိုက် စားမှုများရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးအရေးယူ ပေးရန် မြိတ်ဒေသခံ ၆၂ ဦးက (NLD)ပါတီဗဟိုသို့ တိုင်ကြားလိုက် ကြသည်။

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း။ ဓာတ်ပုံ – Dawei Watch

ဝန်ကြီးချုပ်သည် ဦးအောင်စိုး၏ ခယ်မတော်စပ် ပြီး ဦးအောင်စိုးသည် NLD ပါတီ အာဏာရချိန်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးသည်ဟု ဆိုကာ အများပြည်သူနှင့် အောက်ခြေပါတီဝင်များ၏ တင်ပြချက်များကို လျစ်လျူရှုလျက် သမီးဖြစ်သူ ဒေါ်ပွင့်ဖြူဖြူအောင်ကို ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာ ရှိ ခန့်ခြင်း၊ ပြည်သူ့ဘဏ္ဍာ အကြွေးတင်လျက်ရှိသော GGS ကုမ္ပဏီ တွင် ဦးအောင်စိုး၏ သမက်၊ ကိုယ်ရေး အရာရှိ ဒေါ်ပွင့်ဖြူဖြူအောင်၏ ခင်ပွန်းက ဦးနေမျိုးအောင်သည် မန်နေဂျာရာထူးဖြင့် လုပ်ကိုင် နေခြင်းတို့ ရှိနေကြောင်း တိုင်စာတွင် ပါဝင်သည်။

ဦးအောင်စိုး၏ သမက် ဦးနေမျိုးအောင်သည် သရက်ချောင်းငါးလေလံဈေး အကောင်အထည်ဖော်ရာ တွင်လည်း  GGS ကုမ္ပဏီတွင် မန်နေဂျာအဖြစ် ပါဝင်နေပြီး GGS ကုမ္ပဏီ၏ လက်အောက်ခံ အောင်မိုးမြတ်ကုမ္ပဏီတွင်လည်း မန်းနေးဂျင်း ဒါရိုက်တာ ရယူထားသူဖြစ်သည်ဟု တိုင်စာတွင် ပါရှိသည်။

သရက်ချောင်းငါးလေလံဈေးကို လုပ်ပိုင်ခွင့်ချ ပေးခဲ့သည့်အတွက် GGS ကုမ္ပဏီဘက်မှ ကျပ်သိန်း နှစ်ထောင်ပေးကမ်းခဲ့သည်ဟု ပြည်သူများအကြား သတင်း ဖြစ်ပေါ်ခဲ့ချိန်တွင် သရက်ချောင်းမြို့ရှိ ၀န်ကြီးချုပ်အိမ်အရောင်းစာချုပ်ပြုလုပ် ပေးအပ်သည်ဟု ကျော်ဇောလျက်ရှိကြောင်း တိုင်စာတွင်ရေးသား ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း မှာလည်း ဦးအောင်စိုး၏ သဘောတူညီမှုဖြင့် ညီဖြစ်သူ ဦးတိုးဝင်းထွန်းကို ကိုယ်ရေးအရာရှိ ခန့်ထားခြင်း၊ ၀န်ကြီး၏ မြိတ်နှင့်ထားဝယ်ရှိ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ မှာ ကုမ်္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်ကြီးများနှင့် ဆက်နွှယ်နေမှုများ ရှိနေခြင်း၊ ပြည်သူအများ များစွာ စိတ်အနှောင့်အယှက်ဖြစ်နေသည့် မြိတ်ငါးအမှုန့် ကြိတ်စက် အနံ့ဆိုးကိစ္စတွင် အဂတိလိုက်စား သည်ဟု ပြည်သူများအကြားပြောကြား လျက်ရှိခြင်း၊ မြိတ်မြေယာပြဿနာတစ်ခုတွင် ပါဝင်ပတ်သက် နေခြင်း စသည်တို့ကြောင့် ဒေသအတွင်း ကျော်ဇော သတင်းများစွာ ဖြစ်ပေါ်နေသည်ဟု တိုင်ကြားစာ တွင်ပါရှိသည်။

ထိုအဂတိလိုက်စားမှုများအတွက် အထက်ပါ ပုဂ်္ဂိုလ် ၃ ဦးအား အမြန်စစ်ဆေး အရေးယူဆောင်ရွက် ပေးရန် ဖေဖော်ဝါရီ ၁ ရက်တွင် NLD ပါတီဗဟို၏ လွှတ်တော်ကိုယ်စားလှယ်များတိုင်ကြားစာဌာန ဒေါက်တာမျိုးညွန့်ထံ လိပ်မူတိုင်ကြားခဲ့ကြခြင်း ဖြစ် သည်။

“အဓိကကတော့ ကျွန်တော်တို့ဒေသမှာ ကျော်ဇော မှုတွေက အင်မတန်ဖြစ်နေတာလေ။ ဒီဟာတွေတော့ အဂတိတော့ရှိ နေပြီဆိုပြီးတော့ ကျွန်တော်အားလုံး သုံးသပ်ကြတာပေါ့။ ဒီသုံးသပ်ချက် အတိုင်းပဲ ကျွန်တော်တို့တိုင်တာပဲ။ ပွင့်ပွင့် လင်းလင်းပြောရင် ဒီဖြစ်စဉ်ကြီးမှာ အစိုးရ၀န်ကြီးတွေ အပြောင်းအလဲလုပ်ဖို့ မျှော်လင့်တယ်”ဟု တိုင်ကြားရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ယင်းတိုင်ကြားစာကို ဖေဖော်ဝါရီ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် ဒေါက်တာမျိုးညွန့်က တနင်္သာရီအပတ်စဉ်သို့ အတည်ပြုပြောကြားသည်။

“အဲဒါကတော့ သီးခြားစစ်ရမှာပေါ့။ ပါတီ စည်းကမ်းနဲ့ညီညွှတ်ခြင်းရှိ၊ မရှိကိုပဲ ကျွန်တော်တို့ စစ်ဆေးလို့ရပါတယ်၊ အပြစ်ပေးလို့ရပါတယ်။ ကျန်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဌာန လုပ်ထုံးလုပ် နည်းအရ အစိုးရကပဲ ဆက်လုပ်သွားမှာပါ။ ကျွန်တော်တို့က အုပ်ချုပ်ရေးကို ဘာလုပ် လိုက်ပါ၊ ညာလုပ်လိုက်ပါ ပြောလို့မရဘူး။ သို့သော် ကျွန်တော်တို့ပါတီရဲ့ ဆုံးဖြတ်ချက်ရှိရင်တော့ သက်ဆိုင်ရာ ဌာနကို ဒီလိုတော့ လုပ်ထားပါတယ်ဆိုတဲ့ အကြောင်း အကြောင်းကြားစာတော့ ပို့ပေးပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၄ ရက်ကလည်း ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့ စွမ်းဆောင်ရည် ညံ့ခြင်း၊ ဗြောင်ကျကျ အဂတိလိုက်စားခြင်း၊ လုပ်ပိုင်ခွင့် အာဏာကို အလွန်အကျွံ အသုံးပြုကာ မိမိနှင့် ဆွေးမျိုးတော်သူ၊ နီးစပ်သူများကို လုပ်ပိုင်ခွင့်ချထား ပေးခြင်း၊ လျှပ်စစ်စာချုပ်တွင် ကွက်လပ်များဖြင့် ချုပ်ဆိုထား ခြင်း စသည်တို့ကို စုံစမ်းစစ်ဆေးအရေး ယူပေးရန် ထားဝယ်ခရိုင်ဒေသခံ ၄၅ ဦး တို့က ပါတီ ဗဟိုသို့ တိုင်ကြားခဲ့သည်။

ယင်းတိုင်ကြားမှုအတွက် တိုင်ကြား သူများထဲမှ ၃ ဦးအား ဇန်န၀ါရီလ ၃၁ ရက်တွင် ပါတီဗဟိုသို့ ခေါ်ယူကာမေးမြန်းစစ်ဆေး အထောက်အထားများ ရယူခဲ့သေးသည်။

တနင်္သာရီအပတ်စဉ်မှ ရရှိထားသည့် အချက် အလက်အထောက်ထားများအရ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏ ကိုယ်ရေးအရာရှိများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် တိုင်းအစိုးရအဖွဲ့ ရုံးအမိန့်ဖြင့် ခန့်အပ်ခဲ့ရာ ဒေါ်ပွင့်ဖြူဖြူအောင်သည် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအဖြစ်လည်းကောင်း ဦးတိုးဝင်းထွန်းသည် ၀န်ကြီးဦးဖြိုးဝင်းထွန်း၏ ကိုယ်ရေးအရာရှိအဖြစ်လည်းကောင်း ပါဝင်နေသည်။

ဒေါက်တာလဲ့လဲ့မော်အစိုးရအဖွဲ့ စတက်လာပြီး တစ်နှစ်မပြည့်မီ တနင်္သာရီတိုင်းအတွင်း စရောက်လာပြီး ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ခွင့်၊ တိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ(အချို့လုပ်ငန်းများ တင်ဒါမခေါ်ဘဲပေး) လုပ်ကိုင်ခွင့် ရရှိထားသည့်ွှ ကုမ်္ပဏီတွင် ဦးအောင်စိုး၏သမက် ဦးနေမျိုးအောင် သည် တာဝန်ခံအဖြစ်လည်းကောင်း၊ မန်နေဂျာအဖြစ် လည်းကောင်း ပါဝင်နေသည်။

GGS ကုမ္ပဏီတွင် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့် ဖြူးခွင့်ကိုပါ တင်ဒါမပြိုင်ရဘဲ ရရှိထားပြီး သရက်ချောင်း ငါးလေလံဈေး အကောင်အထည်ဖော်ရန် ကြိုးစားနေသည်။

ထိုကုမ္ပဏီသည် ပြည်ထောင်စုသို့ ဂက်စ်ဖိုး အကြွေး ၈ ဘီလီယံကျော်ကို မပေးသွင်းသည့်အတွက် ပြည်ထောင်စု လွှတ်တော်တွင် မေးခွန်းထုတ်ခံထားရသည့် ကုမ္ပဏီ ဖြစ်သည်။ ထို့အပြင် လျှပ်စစ် လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်သွယ် လုပ်ငန်းခွန်ကိုလည်း မပေးသွင်းသေး ကြောင်း ထုတ်ဖော်ပြောဆိုထားသည့် ကုမ္ပဏီ ဖြစ်သည်။

NLD ပါတီအနေဖြင့် ဒေါက်တာလဲ့လဲ့မော် ကိစ်္စကို ဦးစားပေးစစ်ဆေးမည်ဟု ပြောဆိုထားသည်။

ထားဝယ်နှင့် ကော့သောင်းဒေသခံ အချို့ကလည်း လတ်တလောတိုင်ကြား ထားသည့် တိုင်စာများအပေါ် စစ်ဆေး အရေးယူမှုအခြေအနေကို စောင့်ကြည့် နေကြပြီး လိုအပ်ပါက သင့်တော်သည့် အရေးဆိုမှု များ၊ လှုပ်ရှားမှုများ  ပြုလုပ်ရန် ပြင်ဆင်ထားသည်ဟု ပြောဆိုကြသည်။

အကယ်၍ ယခုတိုင်ကြားခံထားရသူ များအား စစ်ဆေးပြီးနောက် အဂတိလိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှု တစ်ခုခု တွေ့ရှိပါက ရာထူး၊ တာဝန်တို့မှ ရပ်နား လိုက်ခြင်းမျိုးဖြင့် မပြီးဆုံးသင့်ဟု ပြောဆို မှုအချို့လည်းရှိနေသည်။

“ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထောင်ဝင်စာ တွေ့တဲ့သူသည် ဘယ်သူဖြစ် မလဲဆိုတာ ကျွန်တော် တို့ အိပ်မက်တောင် မက်နေကြတယ်”ဟု ထားဝယ် မြို့ခံ ဦးသန်းဝင်းက ပြောသည်။

 

Dawei Watch