ကကြီးရေးချကား ဝစ္စနှစ်လုံးပေါက် ကား

0
91

“စိုးမြင့် ဟန်ဒလော် လာယူ”ဆိုတဲ့ ဦးတရုတ်မဲရဲ့ အော်သံကြားကြားချင်း၊ ကားခေါင်းခန်းဆီ ကမန်းကတန်းပြေးတက်၊ စက်ကိုလှည့်နှိုးရမယ့် ဟန်ဒယ်(handle)လို့ခေါ်တဲ့ ဒရင်ကောက်ခြေထောက်ပုံ လက်ကိုင်သံချောင်း အကောက်ကြီးယူ၊ ကားခေါင်း ရှေ့ပြေး၊ ဘန်ဘာအပေါက် ကနေထိုးသွင်းပြီး သူ့ဆရာဒရိုင်ဘာရဲ့“နှိုး” ဆိုတဲ့ အမိန့်သံကို စိုးမြင့် နားစွင့်နေလိုက် တယ်။
အင်ဂျင်ထဲက“ဂဒတ် ဂဒတ် ဂဒတ် ဖွတ် ဖွတ် ဂရစ်ဂရစ်” အသံစုံထွက်၊ လက်မောင်းလက်ဖျံထဲရှိသမျှအား အကုန်စုထည့်၊ ချွေးပြန်အောင် လှည့်နှိုးပြီး “ဂရီးရီး ၀ူး”ဆိုတဲ့ စက်နိုးသံနဲ့အတူ ကားပေါ်က ကလေး လူကြီးတွေရဲ့“ဟေး”ကနဲ အပျော်သံက လည်း ဟိန်းထွက်သွားတယ်။ ထားဝယ်နဲ့ ပဲဒက်၊ ကညင်ချောင်းရွာပြေးတဲ့ “အောင်စောပို” ကားပိုင်ရှင် ဦးဝိုင်ပိုက လွတ်လပ်ရေးနေ့လို၊ တရုတ်နှစ်သစ်ကူးနေ့လိုမျိုး အားလပ် ရက်တွေမှာ အိမ်နားပတ်ဝန်းကျင်က လိုက်ချင်တဲ့ ကလေးလူကြီးကားနဲ့ ဆံ့ သလောက်တင်၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားရင်း မောင်းမကန်ကမ်းခြေနဲ့ ရေပူစမ်း ပို့ပေးလေ့ ရှိတယ်။
မောင်းမကန်နဲ့ ထားဝယ်ဆယ်မိုင် လောက်ခရီးကို တစ်နှစ်နေလို့ တစ်ခေါက် ရောက်ဖို့မလွယ်အောင် မော်တော်ကား ဆိုတာကလည်း ရှားရှားပါးပါး၊ လူအစိတ် သုံးဆယ်တစ်ဖွဲ့ကြီး ပျော်ပျော်ပါးပါးစုပြီး သွားရဖို့ကလည်း ကြုံတောင့်ဆုံခဲတော့ အိုကြီးအိုမ အရွယ်တွေက လွဲရင်သွားမယ့် သတင်းရတာနဲ့ အနီးအနားတစ်ဝိုက်က လူငယ်လူလတ်၊ လူပျိုအပျို၊ ကလေးတို့ လို့တွဲလောင်း သားသည် မအေတွေပါမကျန်ကားပေါ် အလုအယက် ပြေးတက်နေရာဦးကြတော့တာပဲ။
ကားခေါင်မိုးပေါ်က ၀က်ခြံသစ်သား တန်းကို လက်ကမြဲအောင်ကိုင်၊ ငါးပိငါးချဉ်သိပ် ကျပ်ညှပ်ထိုင်ရင်း မျက်နှာမှာ လေတဟူးဟူး တိုးနေတာကို ခံစား၊ ကမြောကင်း တံတားကျော်တာနဲ့ တွေ့ရတဲ့ရွာအလှ၊ ရှုခင်းအလှတွေ အရသာခံအပြီး၊ သုံးထပ် လမ်းလို့ခေါ်တဲ့ မောင်းမကန် တောင်ပေါ် လမ်းကျဉ်းကျဉ်း အကွေ့အကောက်တွေကို၊ အတက်မှာ အင်ဂျင်ရုန်းသံ တအီအီ၊ အဆင်းမှာ ဘရိတ်သံ တကျွီကျွီမို့ သည်းတထိတ်ထိတ် ရင်တဖိုဖိုဖြစ်ကြ၊ ကားမူး ကားတောက်တတ်သူတွေရဲ့ တဝေါ့ဝေါ့ တအော့အော့ အန်ကြပြုကြတာတွေ လွန်ရင်တော့ ဘယ်ချိန်ရောက်ရောက်၊ ဘယ်နှခေါက်ရောက်ရောက် ကြည့်မ၀ရှုမငြီးတဲ့ မောင်းမကန်အလှကို တွေ့ရပြီး အပန်းပြေ သွားကြတော့တာ။
မိုးရာသီရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲမှာ ကိုယ့်ရပ်ကွက်အသင်းကန်တဲ့နေ့နဲ့ ကျောင်းပိတ်ရက်ဆုံလို့ကတော့ မြို့နယ် အားကစား ကွင်းသွားဖို့ ရပ်ကွက်ရုံးရှေ့ ထိုးထားတဲ့ ကားနားမှာ ကလေးတွေ တရုန်းရုန်း။ အိမ်နားက ဦးထွန်းမြင့် ၀ပ်ရှော့ရုံမှာ လာပြင်တဲ့ကားတွေစက်စမ်း ထွက်ရင်လည်း အပျော်လိုက်စီးဖို့ မျက်နှာ ချိုသွေးပြီး ချောင်းနေခဲ့ကြဖူးတဲ့ ကျွန်တော် တို့တစ်တွေ။
ရှမ်းပြည်နယ် ကလောဘက်က၊ အင်းပျဉ် ရွာသူနဲ့ အိမ်ထောင်ကျ၊ ကလေးတွေ ဘာတွေရပြီးနောက်ပိုင်း လေဖြတ်ကျန်းမာရေး ချို့တဲ့ချိန်မှာ အိမ်ပြန်ရောက်လာခဲ့သူ၊ အမေ့ အစ်ကို၊ ကျွန်တော့်ဘကြီးဟာ လက်မှုပညာ စိတ်ဝင်စားပုံရတယ်။ ၀ါးခြမ်းပြားလေး တွေကို တြိဂံပုံစုပြီး သားရေကွင်းနဲ့ချည်၊ ဆင်ကြယ်ဖိနပ်၊ မြင်းကြယ်ဖိနပ်လို ရော်ဘာ ဖိနပ်အစုတ်တွေကို ဘီးဝိုင်းဖြစ်အောင် ဓားနဲ့လှီး၊ ၀င်ရိုးစွပ်၊ တုတ်ချောင်းရှည်နဲ့ ကားလုပ်တွန်းပြီးဆော့နေတဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေကိုခေါ်၊ ကုလားမခြင်းဆွဲ နို့ဆီဗူးခွံတစ်လုံးရှာခိုင်း၊ လေဖြတ်ထား လို့ သူ့လက်တုန်တုန်ချိချိနဲ့ မလုပ်နိုင်တာ ကို စကားမပီတပီနဲ့ ရအောင်ညွှန်ကြား ဒီဇိုင်းထုတ် ဖြတ်ညှပ်ခိုင်းပြီး နောက်ဆုံး ၀ီလီဂျစ်ကားခေါင်းပုံလေးလည်း ထွက်လာ တော့ ကျွန်တော်တို့တွေမှာ ပျော်လိုက်ရ တာ။
၎လက်မ၊ ၂ လက်မ သစ်သားတုံး ဖြတ်စအတိုလေးတွေနဲ့ ချက်ပလက်ခေါင်း ပုံ၊ တီအီး ကားခေါင်းပုံ၊ ဟီးနိုးခေါင်းတိုပုံ တွေရအောင် ထွင်းတာထုတာလည်း သင်ပေး ခဲ့ ဖူးသေးရဲ့။ သူ့ကျေးဇူးနဲ့ အိမ်နီးချင်းသူ ငယ်ချင်းတွေကြားထဲမှာ သစ်သားကား လှလှလေးတွေကို စမတ်ကျကျ တွန်းနိုင်ခဲ့ တာပေါ့။

ကျွန်တော်တို့ ငယ်တုန်းက ဆော့ကြတဲ့ လက်တွန်းကားတွေထဲမှာ အရွယ်အစား လည်းကြီး၊ တကယ့်အပြင်က ကားနဲ့လည်းတူ၊ မြင်လိုက်တဲ့ ကလေးတိုင်း မငမ်းဘဲ မငေးဘဲ မနေနိုင်တဲ့ကားမျိုးက အောင်သူဌေး ဆီမှာပဲ ရှိတယ်။ ဘော်ဒီကိုထမ်းတဲ့ ကား အလေး ဖုံတွေပါ ပါအောင် သူ့ကားမှာ တပ်ထားသလို၊ တွန်းတဲ့ လက်ကိုင်နေရာ မှာ ဓာတ်ခဲတောင့်တွေ၊ ၀ါယာတွေနဲ့ဆက် ပြီး 3V ဒီစီ မီးလုံးနဲ့ကားရှေ့မီးလုံး ပုံထွက်အောင်တောင် ဆင်ထားလိုက်သေးရဲ့။

သူတို့အိမ်ရှေ့မျက်နှာစာက သစ်သားပြား ဆိုင်းဘုတ်လေးမှာ ရေးထားတာက “ဒေါ်လှမင်း ရှမ်းကော်၊ ပွဲညက်”တဲ့။ ကမ်းနား လွတ်လပ်ရေးကျောက်တိုင်အရှေ့က အဲဒီအိမ်မှာ လှေတွေ ဒေါက်တင်ပြီး လှေထေးလှေဖာလုပ်ရာမှာသုံးတဲ့ ရေနံချီး၊ အုန်းဆံကြိုးလို ပစ်္စည်းတွေပါ ရောင်းပေ မယ့် သမက်ဦးထွန်းရှိန်က ထွန်စက်ပြင်တဲ့ နေရာမှာ စပါယ်ရှယ်လစ်မို့ လူတစ်ရပ် ကျော်ဘီးလုံးကြီးနဲ့ လယ်ထွန်စက်တွေပဲ အိမ်ရှေ့မှာ မပြတ်တမ်းမြင်ရတယ်။ စတီယာရင်မပါဘဲ လက်ကိုင်ကိုင်းတံ အရှည်ကြီး ကိုင်ထိန်းမောင်းရတဲ့ ကူဘိုတာ ထွန်စက်ကိုလည်း နောက်တွဲတပ်ပြီး ကုန်ပစ်္စည်းသယ်ပို့လုပ်ကြတော့ ပျက်ရင် ဦးထွန်းရှိန်ဆီရောက်ရတာပဲ။
ကားခေါင်းက ဘော့နက်အဖုံး ထိပ်နား မှာ အတောင်ဖြန့်ပြီး အစာသုတ်ဖို့ ဟန်ပြင် နေတဲ့ သိမ်းငှက်ရုပ်လို၊ လေယာဉ်ပျံလို အရုပ်လေးတွေနဲ့။ ခေါင်းခန်းထဲ ဒရိုင်ဗာ ခုံအပေါ်ဘက်မှာ ဘုရားစင်။ ဂီယာအုံပေါ် မှာ“သတိ ဆီရေလေ၀ိုင်”ဆိုတဲ့ စာတန်း က အထင်းသား။ ဂီယာတံအရင်းမှာ ကျွတ်စကို ခရေပွင့်ပုံရအောင် ကတ်ကျေး နဲ့ ညှပ်အပေါက်ဖောက်ပြီး စွပ်ထားတတ် တယ်။ ကားနောက်ခန်းက ထိုင်ခုံတန်းတွေ ရဲ့အပေါ်ဖက် သစ်သားပေါင်တွေမှာ

ခေါင်း မပြူရ၊ လက်မထုတ်ရ၊ ထသွားပြန် ကြည့်၊ မိမိပစ္စည်း မိမိတာဝန်

ဆိုတဲ့ တပ်ဦးလက်ရေးပုံစံနဲ့ သတိပေးစာသား တွေ။ မိုးတွေလေတွေ လွတ်အောင် ပိတ်ဖို့ ကာဖို့ သစ်သားဘောင်ကွပ်သံပြားပိတ် တံခါးရွက်ကို အပေါ်အောက်လျှောထိုးလမ်းနဲ့ တပ်ထားကြတယ်။ ဖရိမ်တန်းပေါ်လျှာထိုးသစ်သားပြားကြမ်းခင်းနဲ့တချို့ကား တွေက သစ်သားဘော်ဒီ၊ တချို့က တိုင်ကီ သံပြားတွေကို လေပစ်ရိုက်တွဲဆက်ကပ် ထားပြီး ကိုယ့်စိတ်ကြိုက်အရောင်သင်္ဘော ဆေးတွေသုတ်၊ ကားအနောက်ဘက်လူ တက်တဲ့ ခြေနင်းခုံရဲ့ ဘေးတဖက်တချက် ဘော်ဒီပေါ်မှာတော့ ရှုခင်းပုံတွေ၊ ကာတွန်းရုပ်၊ လာတ်ကောင်ဇီးကွက်ပုံတွေနဲ့ အလှ ဆင်ကြ၊ “ကပ်မလိုက်နဲ့” စာတန်း နဲ့ သတိပေးကြသေးတယ်။
ကညုံထဲနေခဲ့တုန်းက အိမ်နဲ့နီးတဲ့ ဖိုးဘလှိုင်ဘော့ကနစ်ဆိုင်မှာ သွားသွား ဆော့တော့ လေထိုး၊ လေပေါင်ချိန်၊ ကျွတ် ဖာ၊ တာယာလဲဖို့ လာကြတဲ့ အရှေ့တော ဘက်၊ သရက်ချောင်းဘက်သွားတဲ့ကားတွေ ကို မြင်ရတွေ့ရ များတယ်။ သီတာလမ်း အိမ်နားက သရက်ချောင်းလိုင်းဆွဲတဲ့ ဦးလှဝင်းရဲ့“နိုင်နိုင်အောင်”၊ ဘဲငါးရာအင်း ထဲက တောင်သုံးလုံး၊ ပကာရီဘက်ပြေးတဲ့ “မမလေး”၊ အလေးမရုံနောက်ဘက် ချယ်ရီ လမ်းထဲက လေယာဉ်ကွင်းဆွဲတဲ့ “အာကာစိုး”၊ ကရပ်ပြင်ထဲက ဦးသန်းထီရဲ့ သရက်ချောင်းလိုင်းကား “မြတ်နိုးသူ”၊ ရီးတင်ရွှေကား၊ အောက်သရက်ချောင်း၊ ပဲဒက်ဘက်သွားတဲ့ ခုံဝင်းဒပ်ထဲက “လှ သန်းကြည်”တို့လို ကားတွေပေါ့။

ကြိုက်မှ လိုက်၊ မိုက်(မှောင်)မှ ရောက် မယ်လို့ နောက်ပြောင်ကြတဲ့ ဦးစန်းရွှေ ကားက                          ထားဝယ်-ကလိန်အောင်လိုင်း၊

“ပေါင်ပန်းမပြေ” “အောင်ပန်းရွှေ”လို့ အိုးလုပ်ရပ်ကွက်သားချင်း စာချိုးကြတဲ့ ရေဖြူလိုင်းကား၊ လော်စပီကာကြီးတွေ တင်ပြီး နိဗ်္ဗာန်ဆော်လိုက်တဲ့ “လူရည်ချွန်”၊ ဇရစ်ထဲက မောင်းမကန်လိုင်းကား “မောင်မောင်ဆွေ”၊ ကလေးတွေ ကားနား ကပ်ပြီး တို့ကြည့်ကိုင်ကြည့်တာကိုတောင် မကြိုက်၊ ကားကို ဂရုတစိုက်ရှိလှတဲ့ ဦးကျော်ရင်လမ်းက ဘိုင်ကျားကြီးရဲ့ကား တွေ၊ ထားဝယ်ကနေ နဘုလယ်သွားမယ် ဆို ရွာသူကြီး ဦးမောင်လွင်ကားတွေကလွဲ ပြီး စီးစရာယာဉ်မရှိတာ အာရုံထဲပြန် ရောက်လာသလို၊ သင်္ဘောဆိပ် “မာလဂျမ်း ပင်မင်း” ဆိုင်ရှေ့က မောင်းမကန်ကား ဂိတ်၊ နိဗ်္ဗာန်လမ်း “ဇင်းတိုက်” အနားက လောင်းလုံး၊ ကျောက်နီမော်ကားဂိတ်၊ ရပ်တော်မူဘုရားဝင်းရှေ့က သရက်ချောင်း ကားဂိတ်၊ ကနက်သီရိကားဂိတ်တွေနဲ့ ဈေးတောင်ဘက်လမ်း၊ ဇရစ်ကျောင်းနား တွေမှာ ဂိတ်ထိုးကြတဲ့ပကာရီ၊ တောင်သုံးလုံး၊ ဟာမြင်းကြီး၊ မေတ္တာ၊ ဖောင်းတော၊ ဘ၀ပင်၊ ဟိန်္ဒားစတဲ့ အရှေ့တောဘက်သွားတဲ့ ကားဂိတ်နေရာတွေလည်း အတွေးထဲ ပြန်လည်လာတယ်။
ဖိုးဘလှိုင်ဆိုင်မှာ ထိုင်ခဲ့တဲ့ အချိန် တွေတုန်းက ကားတွေဆိုင်ကယ်တွေလို စက်တပ်ယာဉ်တွေအပေါ် အတော်လည်း စိတ်ဝင်စားပြီး ပါရမီလည်းထူးတဲ့ အိမ်နား က သူငယ်ချင်းတစ်ယောက်ကို ဒီစာရေးနေ ရင်း သတိရမိတယ်။ ဒီအကြောင်းတွေကို သူဆို ပိုပြောနိုင်မှာပဲလို့။ အတူထိုင်နေ ကြရင်း ကျောဘက်အဝေးက စီးလာတဲ့ ဆိုင်ကယ်သံ သဲ့သဲ့ကြားတာနဲ့ “ကွန်ပေါင် ဒါ ဦးကျော်သိန်းရဲ့ ဘီအက်စ်အေကွ” “အဲဒါ စည်ပင် ဦးမိုးမြင့်ဆိုင်ကယ်” “ဆောက်လုပ် ရေး ဦးထိန်ဝင်းစူပါကပ်”စသဖြင့် ဒက်ထိမှန် အောင်ပြောနိုင်သလို၊ ကားလေးတွေတွေ့ ရင်လည်း အဲဒါမာဒရားအိမ်ကကား၊ ဒီဟာက ခလရ(၂၅)က တပ်ရင်းမှူးစီးတဲ့ မာဇဒါဂျစ်၊ ဒါက ဒေါက်တာဖိုးတုတ်ရဲ့ ဗောက်စ်ဝက်ဂွန်းဘီးတဲလ်ကား၊ ဦးအွန်း ကြက်အိမ်ကကား၊ ဒါဆို ဦးညီးစိုင်ကားကွ ဆိုတာ အပြင်တချို့ ကားတွေကို အက်္ခရာ နဲ့ နံပါတ်ပါ ထည့်ထည့်ပြောလိုက်သေး။ ချက်ပလက်၊ ဟီးနိုး၊ တီအီး၊ အော်စတင်၊ ဟိုင်းလတ်၊ ဒတ်ဆန်း၊ ဆန်နီပစ်ကပ်၊ြ-၆၀၀ မာဇဒါလေးဘီး အမျိုးအစားခွဲပြ လိုက်သေး၊ ကားကြီးသံကြားရင်လည်း ခုံဝင်းဒပ်ထဲက ဦးဂျော်နီကားပဲ၊ ကမ်းနားက ဦးပန်းမြင့်ကား၊ ဘာညာ အတပ်ဟော နိုင်ခဲ့တဲ့သူ။ ဦးသက်နှင်းကြီး၊ ဦးသက် နှင်းငယ်၊ ဦးဖေကြိုင်၊ ဦးဘတုတ်၊ ဦးရွှေတင်၊ ဦးသန်းညွန့်စသဖြင့် စက်ပြင် ဆရာတွေနဲ့ ဘယ်ရုံမှာဘာကားတွေ ပြင် တတ်တယ်ဆိုတာကိုလည်း စိတ်ဝင်စား သူ။ ကျောင်းပြေးပြီးရင်းနှီးတဲ့ ၀ပ်ရှော့ တွေသွား၊ စက်ပြင်တာစပ်စုရင်း ဘားတံ ကလေးကို လက်ဖ၀ါးနှစ်ဖက်ထဲ လှည့်ပွတ်၊ ဘားလည်း ဝင်ကရိုင်းချင် ကရိုင်း နေတတ်သူကိုး။

ခုလိုဘီးနတ်ဖြုတ်တဲ့ ခေတ်မီစက်တွေ မရှိသေးတဲ့အချိန် ကဘော့ကနစ် ဆိုင်ရှေ့ တာယာလဲဖို့ ရောက်လာတဲ့ ကားမှာ စပန်နာတပ်၊ သံပိုက်လုံးရှည် ကြီးဆက်ပြီး ဟောဟဲဆိုက်အောင် ခုန် နင်းပြီးဖြုတ်၊ ခွေကလစ်တွေ၊ ခွေတွေကို သံတူရွင်း၊ ပေါင်တူတွေ သုံးပြီးက လန့်ဖြုတ်၊ ရိုက်ဖြုတ်။ ကျွတ်ဘလက်စ်မ ပေါ် မသုံးကြသေးလို့ ပေါက်နေစိမ့်နေတဲ့ ကျွတ်ကို၊ ဘေးတိုက်လှဲအပေါက်ဖောက် ပြီး ရေထည့်ထားတဲ့ ကတ္တရာတိုင်ကီ ဟောင်းထဲ ရေနှစ်အပေါက်ရှာ၊ ကော်ပတ်စား၊ ကော်သုတ်၊ ရော်ဘာစိမ်း ဖြတ်စ အုပ်ကပ်ပြီး ပင်စတင်စလစ်နဲ့ ပရက်စ်နင်းဖိ၊ မီးရှို့အပူပေးပြီး ဖာကြထေးကြရတာ လည်း အမှတ်ရမိတယ်။
မော်လမြိုင်တက်္ကသိုလ်တက်တုန်းက ကျောင်းကနေမြို့ထဲတို့၊ အောက်ဈေး တို့ဘက် အလည်ထွက်ရင် စီးခဲ့ရတဲ့ နံပါတ် (၇)၊ နံပါတ်(၁၀) ချက်ပလက် လိုင်းကား ကြီးတွေကိုလည်း လွမ်းမိသေးတော့တယ်။ ဘေးခုံတန်းလူပြည့်နေလို့ အလယ် မှာ ခါးကုန်း ဒူးကွေး ဇက်ပုပြီး လိုက်ရ တဲ့အခါမျိုးမှာ ချိုင့်ထဲကျလို့၊ ကားခုန်လို့ ခေါင်းနဲ့အမိုးနဲ့ မိတ်ဆက်ပြီး ဘုထွက်ခဲ့ ရတာလည်းအခါခါ။ ခါးနာခဲ့ ရတာလည်း အကြိမ်ကြိမ်။
အရှေ့တောဘက်၊ သရက်ချောင်းနဲ့ ကလိန်အောင်၊ ကံပေါက်ဘက်က တောင် သူလယ်လုပ်ပေါတော့ အဲဒီဘက်ကလာတဲ့ ကားတွေမှာ ပွဲရုံသွင်းမယ့် ကွမ်းသီး၊ ငရုတ်ကောင်း၊ ချဉ်ပေါင်ဖာလာ၊ ရော်ဘာ၊ သီဟိုစေ့လို ဥယျာဉ်ခြံထွက်တွေ၊ မောင်း မကန်၊ ကျောက်နီမော်၊ ကနက်သီရိလို ပင်လယ်နဲ့ဆက်စပ်ရွာတွေဆီက လာတဲ့ ကားတွေမှာတော့ ငါးစိုငါးစိမ်း၊ ကဏန်း၊ ကင်းမွန်လိုပင်လယ်စာလတ်လတ်ဆတ် ဆတ်တွေ၊ ငါးခြောက်ငါးခြမ်းတွေပါလာ ပြီး မြို့ပေါ်ဈေးတွေဆိုင်တွေကနေ လိုတဲ့ အသုံးအဆောင်၊ စားစရာ၊ အ၀တ်အထည် တွေအပြင် ရေခဲစက်မရှိတဲ့ နယ်ဘက်တွေ ဆို ပေါင်နှစ်ရာရေခဲတုံးကြီးကအစ ဂုန်နီ အိတ်၊ ဆာလာအိတ်စွပ်၊ ဖွဲသွပ်ပြီးသယ် ရစားရတဲ့ခေတ်ဆီ ပြန်သွားပြီး လွမ်းမိ တာတွေပါ။

 

အေဒီသစ်