မြိတ်စည်ပင်သာယာဈေးကြီး အထပ်မြင့်ဆောက်ရန် မဲခွဲဆုံးဖြတ်မည်

0
695

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးကြီး အထပ်မြင့်ဆောက်ရန် ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားများဖြင့် မဲခွဲဆုံးဖြတ်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။
မြိတ်မြို့ရှိစည်ပင်သာယာဈေးကြီး (ဒေသအခေါ်တိုက်ဈေးကြီး)သည် လွန်ခဲ့ သည့်နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ဆောက်ထားသည့်ဈေးဖြစ်ပြီး လက်ရှိတွင် ယိုယွင်းပျက်စီးလာနေပြီ ဖြစ်သည်။
ယင်းကြောင့် ဈေးသူဈေးသားတ ချို့က အထပ်မြင့်အဖြစ် ပြန်လည်ဆောက် လုပ်ရန်လိုလားနေကြပြီး တချို့ကမူ အထပ်မြင့်ဈေးဆောက်ရန် သဘောမတူ ကြသည့်အတွက် မဲခွဲဆုံးဖြတ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
“အဆင့်မြင့်ဆောက်ဖို့ သဘောတူ သလား၊ မတူဘူးလား၊ သူတို့ ကိုယ်တိုင် ပေးတဲ့ မဲတွေကိုကြည့်ပြီးမှ ဆုံးဖြတ်ရမယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်၊ နံနက် ၉ နာရီတွင် မြိတ်မြို့ ကမ်းနားလမ်း ရှိ ပုလဲရတနာခန်းမတွင် မဲပေးပွဲပြုလုပ်မည် ဖြစ်ပြီး ဈေးသူဈေးသားများအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွက် စည်ပင် သာယာရေးအဖွဲ့က ဖြတ်ပေးထားသည့် ဆိုင်ခန်းအခွန်ပြေစာဖြင့် လာရောက်မဲပေး ကြရန် အကြောင်းကြားထားပြီးဖြစ် ကြောင်း ဈေးသူဈေးသားများထံမှ သိရ သည်။
“ထောက်ခံသူများရင် ဈေးတည် ဆောက်ရေးကော်မတီကိုဖွဲ့မယ်။ မထောက် ခံသူများရင် ဒီဈေးကို ဒီအတိုင်းထားရုံပဲ ရှိတယ်”ဟု ဦးမြတ်ကိုကိုက ဆိုသည်။
ဈေးသူဈေးသားများထံမှ ဈေးတည် ဆောက်မည့် သဘောထားမှတ်ချက်များရလျှင် တည်ဆောက်ရေးကော်မတီကို ဈေးသူဈေးသားများဖြင့် ဖွဲ့စည်းပြီး စည်ပင်သာယာရေးကော်မတီမှ အချက်အလက်များယူကာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဦးမြတ်ကိုကို ၎င်းက ဆိုသည်။
အထပ်မြင့်ဈေးတည်ဆောက်ပြီးလျှင် မူလနေရာနှင့်အကျယ်အ၀န်းပြန်မရမည်ကို ဈေးသူဈေးသားအချို့က စိုးရိမ် နေကြသည်။
အဆိုပါဈေးတွင် အထည်ဆိုင်ဖွင့် ထားသည့် မခင်မာမာမင်းလွင်က ဈေးဆောက်လုပ်သည့်ကာလအတွင်း ယာယီ ဈေးရောင်းချနိုင်သည့်နေရာများကို ထည့်သွင်းစဉ်းစားပေးစေလိုသည်ဟု ဆိုသည်။
“စားဝတ်နေရေး ပေးစရာကမ်းစရာ တွေနဲ့ ဈေးရောင်းတာက ရပ်ထားလို့ မရဘူး”ဟု ၎င်းက ပြောသည်။
မြိတ်စည်ပင်သာယာဈေးကြီး အတွင်း ဆိုင်ခန်းပေါင်း ၁၅၀၃ ခန်းရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။