ဒေါ်အောင်ဆန်းစုကြည် မြိတ်လာမည်

0
700

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မြိတ်မြို့သို့ လာရောက်မည် ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းမှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်များက အတည်ပြု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီး စဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖွဲ့ပြီးနောက် တနင်္သာရီတိုင်း သို့ ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ် ဖြစ်သည်။

မြိတ်မြို့အတွင်း မည်သည့်နေရာများ သို့ သွားရောက်မည်၊ အခြား မည်သည့် မြို့နယ်များသို့ သွားရောက်မည်ကိုမူ အတည်မပြုရသေးကြောင်း မြိတ်မဲဆန္ဒ နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောသည်။

“၁၃ (ရက်နေ့) လာမယ်လို့ ပြောတယ်။ ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတာ အတည် မပြုရသေးဘူး”ဟု ဒေါ်ရီရီချိုက ပြော သည်။

မြိတ်ခရိုင်၊ ကျွန်းစုမဲဆန်္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည် လာမည်ကို အတည် ပြုပြောကြားပြီး အခြား မည်သည့်မြို့များ သို့ သွားရောက်ဦးမည်ကို မသိရှိသေးဟု ပြောသည်။

“Agenda(ခရီးအစီအစဉ်)အတိ အကျတော့ ကျွန်တော်မသိဘူး၊ ၁၃ ရက် လာမယ်ဆိုတာတော့ Confirm  ဖြစ် (အတည်ပြု)တယ်”ဟု ဒေါက်တာ ထူးနေအောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မြိတ်သို့ လာပါက ပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်စေ လိုကြောင်း မြိတ်မြို့ခံတစ်ဦးဖြစ်သည့် ဦးခင်မောင်သန်းက ပြောသည်။

“ပြောစရာတွေ အများကြီး၊ ရင်ထဲ မှာ ပေါက်ထွက်တော့မယ်။ ဒီမှာ ဖြစ်ပျက် နေတဲ့ ဒုက္ခသုခတွေ အားရပါးရ ရင်ဖွင့် ချင်တယ်။ ဒီလိုမဟုတ်ဘဲ အမေစုက ပြည်သူနဲ့တွေ့ဆုံခြင်းမရှိဘဲ ဒီအတိုင်းပြန် သွားမယ်ဆိုရင်တော့ မြိတ်သူမြိတ်သား တွေ ဘယ်လိုနည်းနဲ့မှ ဖြေလို့ရမှာမဟုတ် ဘူး” ဟု ဦးခင်မောင်သန်းက ပြောသည်။

တွေ့ခွင့်ရမည်ဆိုပါက လျှပ်စစ်ကိစ်္စ၊ သောက်သုံးရေ အခက်အခဲ၊ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ တိုင်းတွင်း အခြေအနေ စသည်တို့ကို တင်ပြမည်ဟု ဦးခင်မောင်သန်းက ပြောသည်။

မြိတ်မြို့မှ NLD ပါတီဝင်တစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် မြိတ်သို့ လာပါက ပြီးခဲ့သည့် ဒုတိယသမ္မတခရီးစဉ်များ ၌ လူထုတွေ့ဆုံပွဲ မလုပ်ခဲ့သကဲ့သို့ မဖြစ်စေလိုဘဲ လူထုတွေ့ဆုံပွဲကို မဖြစ်မနေ ပြုလုပ်သင့်ဟု ဆိုသည်။

ပြည်သူလူထု၏ တင်ပြမှု၊ မေးခွန်း မေးမြန်းမှုတို့ကို ခွင့်ပြုခြင်း၊ ပြန်လည် ဖြေကြားခြင်းများ ပြုလုပ်သင့်ကြောင်း အထက်ပါ ပါတီဝင်က ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်သွားသင့်သည့်၊ ဒေသ အတွက် အကျိုးဖြစ်ထွန်းမည့်နေရာများကို ခေါ်ပြသင့်ပြီး တိုင်းဒေသကြီးအစိုးရမှ ချီးကျူးခံရမည့်နေရာများသာ ခေါ်ပြခြင်း မျိုးဖြင့် ခရီးစဉ် မပြီးဆုံးစေလိုဟု ၎င်းက ဆိုသည်။

“တိုင်းအစိုးရအနေနဲ့ ကောင်းတဲ့ဟာတွေပဲပြပြီးသွားမယ့်ဟာမျိုး မလိုချင်ဘူး၊ အဲလိုဖြစ်လာရင် မြိတ်လူထုက စိတ် ပျက်စရာ ဖြစ်လာလိမ့်မယ်၊ တိုင်းအတွက် လည်း စည်းရုံးရေးကျဆင်းပြီး လူထုထောက် ခံမှု နည်းလာလိမ့်မယ်”ဟု ယင်းပါတီဝင်က ဆိုသည်။

ကော့သောင်းမြို့ခံအချို့နှင့် ပါတီ ၀င်အချို့က ဒေါ်အောင်ဆန်းစုကြည် မြိတ် သို့လာပါက မြိတ်တွင် သွားရောက် ကြိုဆို မည်ဟုပြောသည်။

“ကော့သောင်းကို မလာဘဲ မြိတ်ပဲ လာမှာဆိုတော့ မြိတ်မှာ သွားကြိုမယ်၊ အမေစုကို တွေ့ချင်တာပေါ့လေ”ဟု ကော့သောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်နိုင်က ပြောသည်။

ထားဝယ်မြို့ခံတစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် မြိတ်သို့သွား သကဲ့သို့ ထားဝယ်သို့လည်း လာစေချင် ကြောင်း၊ ယင်းသို့လာရောက်ပါက လက်ရှိ ပွက်လောရိုက်နေသည့် ၀န်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့အကြောင်း တိုက်ရိုက် တင်ပြလိုသည်ဟု ပြောသည်။

“လာစေချင်တာပေါ့လေ၊ လက်ရှိ ဖြစ်နေတာတွေ ဒေါ်စုကို တိတိကျကျ ပြောပြချင်တယ်”ဟု အထက်ပါ ထားဝယ် ဒေသခံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လောင်းလုံးမဲဆွယ် ခရီးစဉ် ပြီးကတည်းက ထားဝယ်သို့ လာရောက်ခြင်း မရှိသေးပေ။

ယခုခရီးစဉ်သည် တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စ ပွက်လောရိုက်နေချိန်တွင် တနင်္သာရီတိုင်းသို့ လာရောက်မည့် ခရီးစဉ် ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးသည် ထားဝယ်မြို့တွင် အခြေစိုက် ထားသည်။

ယခု ခရီးစဉ်သည် ဒေါ်အောင်ဆန်း စုကြည်၏ ဆဋ္ဌမမြောက် တနင်္သာရီတိုင်းခရီးစဉ်ဖြစ်သည်။

Dawei Watch