ထားဝယ် -ရန်ကုန် ခရီးသည်တင် မှန်လုံကားနှင့် Light Truck မျက်နှာချင်းဆိုင် တိုက်၊ ခရီးသည် ၃ ဦးသေဆုံး

0
713

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်သည့် ခရီးသည်တင်မှန်လုံကားတစ်စီးသည် မော်လမြိုင်-မုဒုံယာဉ်လိုင်းမှ ခရီးသည်တင် Light Truck ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်သုံးဦး သေဆုံးခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။
ဇန်နဝါရီလ ၃၀ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် မိုးကောင်းကင် မှန်လုံ ခရီးသည်တင်ယာဉ်သည် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်စုံမွေးမြူရေးတပ်ဝန်းအနီး အရောက်တွင် ရှေ့မှသွားနေသည့် ဆိုင်ကယ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မုပွန်နယ်မြေ ရဲစခန်းထံမှ သိရသည်။
အဆိုပါ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုကြောင့် မုဒုံ-မော်လမြိုင်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦး၊ ယာဉ်ပေါ်ပါ ခရီးသည် ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။
“ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အပါအဝင် ၃ ဦးသေဆုံးပြီးတော့ ၃ ဦး ဒဏ်ရာ ရခဲ့တယ်၊ ယာဉ်မဆင်မခြင် မောင်းတဲ့ ကျော်စွာလင်း(မိုးကောင်းကင် ယာဉ်မောင်း)ကို အမှုဖွင့်ထားတယ်” ဟု မုမွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်မတော်တဆတိုက်မှုကြောင့် မိုးကောင်းကင်ယာဉ်လိုင်း၏ ယာဉ်မောင်း ဖြစ်သူအား မုပွန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈၊ ၃၀၄ (က) အရ အမှုဖွင့်အရေးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယဉ်စနိုင်း