တိုင်းအတွင်း အိမ်တွင်မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် ၂၃ မျိုးရှိဟုဆို

0
493

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နေအိမ်များတွင် မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန် အမျိုးအစား ၂၃ မျိုးရှိကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ၆ လကြာ သုတေသနပြုထားသည့် တောရိုင်း တိရစာ်္ဆန်များ တရားမ၀င်ရောင်းဝယ်မှု စာတမ်းအရ သိရသည်။
မြိတ်တက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များထိန်းသိမ်းရေးအဖွဲ့(FFI ) တို့ ပူးပေါင်းဆောင်ရွက်သော တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ တောရိုင်းတိရစ်္ဆာန် တရားမ၀င်ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ခြင်းဆိုင်ရာညီလာခံ သုတေသနစာတမ်း (အကျဉ်းချုပ်)တွင် ယင်းကဲ့သို့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
“အိမ်မွေး တောရိုင်းတိရစ္ဆာန် ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိဘူး။ အိမ်မှာမွေး ရင် သက်ဆိုင်ရာဌာနရဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီ လျှောက်ထားပြီးမှ မွေးလို့ရတာ”FFI (Fauna & Flora International)တနင်္သာရီဒေသ ထိန်းသိမ်းရေး စီမံကိန်း မန်နေဂျာ ဦးနေမျိုးရွှေက ပြောပြသည်။
အဆိုပါ သုတေသနစာတမ်း(အကျဉ်းချုပ်)တွင် တောရိုင်းတိရစ္ဆာန် အမျိုးအစား ၂၃ မျိုးဟုသာပါရှိပြီး မည်သည့်တောရိုင်း တိရစ္ဆာန်များဖြစ်သည်ဆိုသည်ကိုမူ ဖော်ပြခြင်း မရှိပေ။
မြိတ်-ထားဝယ်၊ မြိတ်-မောတောင် နှင့် မြိတ်-ကော့သောင်းမြို့လမ်းပိုင်းများရှိ ထမင်းဆိုင်အချို့တွင် တောကောင်သား ဟင်းများရောင်းချနေကြသည့်အပြင် ယင်းဆိုင်များတွင်ပင် မျောက်၊ စပါးကြီးမြွေ၊ သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်တို့အား မွေးမြူထားသည်ကို တွေ့ရှိခဲ့ရ ကြောင်း ခရီးသွားတချို့က ဆိုသည်။
သုတေသနစာတမ်းမှာ တိုင်းအတွင်း ရှိ ပုလော၊ မြိတ်၊ ဘုတ်ပြင်းနှင့် မောတောင် တို့ရှိ စားသောက်ဆိုင်များတွင်တောရိုင်း တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို တရားမဝင်ရောင်းဝယ်နေမှုများအား လေ့လာသုတေသနပြုထားခြင်းဖြစ်ကြောင်း စာတမ်းအရ သိရသည်။
တနင်္သာရီတိုင်းအတွင်း တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုများပြားနေပြီး ထိန်းသိမ်းရန် အရေးကြီးလိုအပ် လျက်ရှိကြောင်း ဦးနေမျိုးရွှေက ဆိုသည်။

 

မြင့်မိုရ်(မြိတ်)