ဆီအုန်းကုမ္ပဏီနှင့် ဒေသခံများ မြေယာအငြင်းပွား

0
1015

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုရှိ ချောင်းလမုနှင့် အေးသာယာကျေး ရွာတို့တွင် ဒေသခံနှစ်ရာခန့်၏ ဥယျာဉ်ခြံ မြေများအတွင်း ကျော်မော် ၁၉ ဆီအုန်း ကုမ္ပဏီက ၀င်ရောက်လုပ်ကိုင်နေခြင်းကြောင့် ဥယျာဉ်ခြံမြေနှင့် သီးပင်စားပင် များ ပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံ တောင်သူတချို့က ပြောသည်။

ဒေသခံတောင်သူများက ၎င်းတို့၏ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ ဒေသခံ ၅၀ ဦးခန့်သည်  ဇန်န၀ါရီလ ၂၂ ရက်က ချောင်းလမုကျေးရွာတွင် မီဒီယာများနှင့်တွေ့ဆုံခဲ့ပြီး အထက်ပါ အတိုင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။

“ကုမ္ပဏီက ဘတ်ဖိုးယာဉ်တွေနဲ့ ဥယျာဉ်ခြံထဲကို အကြိမ်ကြိမ် ၀င်ရောက် လုပ်ကိုင်နေတယ်”ဟု အေးသာယာကျေးရွာ နေ တောင်သူ မခင်မာအေးက ပြောသည်။

သူမသည် ၂၀၀၁ ခုနစ်မှစ၍ ဥယျာဉ်ခြံ မြေဧက ၄၀ တွင် စတင်လုပ်ကိုင်ခဲ့သော် လည်း ကုမ္ပဏီက ၀င်ရောက်လုပ်ကိုင် လာခြင်းကြောင့် လက်ရှိတွင် ၁၂ ဧကသာ ကျန်တော့သည်ဟု မခင်မာအေးက ဆိုသည်။

“ကုမ္ပဏီမန်နေဂျာကို သွားပြောရင် လာမပြောနဲ့ အထောက်အထားရှိပြီးသား ဥပဒေအရ တရားစွဲလို့ရတယ်ဆိုပြီး ခြိမ်း ခြောက်ခံရတယ်” ဟု ချောင်းလမုရွာနေ ဥယျာဉ်ခြံ ၁၅ ဧကခန့် လုပ်ကိုင်နေသူ ဦးတင်သိန်းက ပြောသည်။

သို့သော် ကျော်မော် ၁၉ ကုမ္ပဏီ၏မန်နေဂျာ ဦးဇော်မင်းဝင်းကမူ တောင်သူများ ၏ ဥယျာဉ်မြေများအတွင်း ၀င်ရောက်လုပ်ကိုင်ခြင်းမရှိသကဲ့သို့ ခြိမ်းခြောက်မှု များလည်းမရှိဟု ငြင်းဆိုခဲ့သည်။

“ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေကို ကုမ်္ပဏီက ဖျက်ဆီးထားတာမရှိပါဘူး”ဟု မန်နေဂျာ ဦးဇော်မင်းဝင်းက ပြောသည်။

တောင်သူများ၏ ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှုများရှိပါက နှစ်နာကြေးများပေးနိုင် ရန် ရပ်ရွာလူကြီးများ (ကျေးရွာရာအိမ်မှူး များ)အား အသိပေးအကြောင်းကြားထား ကြောင်း ၎င်းက ဆိုသည်။

ကျော်မော် ၁၉ ဆီအုန်းကုမ္ပဏီသည် မှာ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် ရက်စွဲဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဗဟိုကော်မတီထံမှ စိုက်ပျိုးမြေဧက ၃၈၉၅ ဧကအား နှစ် ၃၀  မြေငှားလုပ်ပိုင်ခွင့် ရရှိထားကြောင်း ယင်း ကုမ်္ပဏီထံမှ သိရသည်။

အဆိုပါ ခွင့်ပြုချက်ပေးခဲ့သည့် မြေယာများမှာ ဆီအုန်းကုမ္ပဏီမ၀င်ရောက် ခင်အချိန်ကတည်းက တောင်သူများလုပ် ကိုင်စားသောက်နေကြသည့် ဥယျာဉ်ခြံ မြေများဖြစ်ကြောင်း ချောင်းလမုနှင့် အေးသာယာကျေးရွာနေ တောင်သူတို့က ပြောသည်။

မြင့်မိုရ် (မြိတ်)