ထားဝယ်တွင် ချစ်သူများနေ့ စုံတွဲသီချင်းဆိုပြိုင်ပွဲကျင်းပမည်

0
3566

ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် စုံတွဲသီချင်း သီဆိုပြိုင်ပွဲကို ထားဝယ်မြို့ရှိ DDPC ဈေးဝယ်စင်တာတွင် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။
ချစ်သူများနေ့ (Valentine’s Day) အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၁၂ ရက်အထိ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုစိုးမိုးအောင်(ခ) ကိုသားလေး က ပြောသည်။
“လူငယ်တွေ အတွက်ပေါ့ အဓိကရည်ရွှယ်ပြီးတော့ ယောက်ျား မိန်းမမှ မဟုတ်ဘူး။ ယောက်ျားအချင်းချင်းလည်းရတယ်၊ မိန်းမအချင်းချင်းလည်း ရတယ်၊ သူငယ်ချင်း အချင်းချင်းလည်း ရတယ်၊ အဓိကတော့ အဲ့ဒီနေ့မှာ အမှတ်တရအနေနဲ့ အားလုံးပျော်စေချင်လို့ လုပ်ပေးတာ” ဟု ကိုသားလေးက ဆိုသည်။
လျှောက်လွှာတစ်စောင်ကို ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး သတ်မှတ်ထားသည့် စည်းကမ်းအရ စုံတွဲသီချင်းကိုသာ သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လျှောက်လွှာရောင်းချရသည့်ငွေများ ကို ထားဝယ်ဘိုးဘွားရိပ်သာသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကိုသားလေးက ပြော သည်။
ပြိုင်ပွဲဝင်လျှောက်လွှာတွင် သတ်မှတ်ထားသည့် စုံတွဲသီချင်း အပုဒ် ၅၀ မှ မိမိ ကြိုက်နှစ်သက်ရာတစ်ပုဒ်ကို ရွေးချယ်ကာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သတ်မှတ်သီချင်းဖြင့် မယှဉ်ပြိုင်ဘဲ မိမိစိတ်ကြိုက်သီချင်းဖြင့် ယှဉ်ပြိုင်လိုပါက သီဆိုမည့်သီချင်းအား မှန်ကန်စွာစာရင်းပေးပြီး CD တွင် အဆိုတော် အသံဖျောက်၍ ယူဆောင် လာရမည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
ယင်းပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၃ သိန်း၊ ဒုတိယဆု ငွေကျပ် ၂ သိန်း၊ တတိယဆု ငွေကျပ် ၁ သိန်းနှင့် အခြား ဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို DDPC Shopping Center ၊ ရွှေရည်ဦး အခွေ ဆိုင်များ၊ မြတ်ပွင့် ကွန်ပျူတာမိတ္တူဆိုင် စသည့်နေရာများတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ဝယ်ယူနိုင်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

မိုးမြင့်