တိုင်ကြားခံရသည့် ထားဝယ်တက္ကသိုလ် ဓာတုဗေဒဌာနမှူးကိစ္စ စုံစမ်းစစ်ဆေး

0
1103

တိုင်ကြားခံရသည့် ထားဝယ်တက္ကသိုလ် ဓာတုဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က လာရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်း ထားဝယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
အဆိုပါ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမျိုးမျိုးမြတ်ကို ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းတိုင်ကြားစာနှင့်ပတ်သက်၍ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ငါးဦးနှင့် ဆရာ၊ ဆရာမအချို့ ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း စစ်ဆေး မေးမြန်းခံရသည့် ကျောင်းသား၊ ကျောင်းသူအချို့က ပြောသည်။
ဇန်န၀ါရီလ ၂၃ ရက်မှ ၂၅ ရက် အထိ လာရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
“စစ်တာက တစ်ယောက်ချင်းကိုခေါ် စစ်တာ။ တစ်ယောက်ကိုစစ်ရင် နှစ်နာရီ လောက်ကြာတယ်။ မနေ့က( ဇန်န၀ါရီလ ၂၃)ဆို ည ၁၂ နာရီအထိ စစ်တာ”ဟု စစ်ဆေး မေးမြန်းခံရသည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဝေယံကျော်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်ကြားခံရသည့် ဓာတုဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာမျိုးမျိုးမြတ်အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ စုံစမ်း စစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးမည် ကို ကြိုတင်သိရှိထားခြင်းမရှိသကဲ့သို့ မည်သည့်အတွက်ကြောင့် စစ်ဆေးသည်ကိုလည်း မသိရှိကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
“ဘာမှတော့ပြောစရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ မပြေလည် တဲ့ပြဿနာ ဘာမှမရှိပါဘူး”ဟု ဒေါက်တာ မျိုးမျိုးမြတ်က ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခတို့မှ တဆင့် စုံစမ်းစစ်ဆေးနေသည့် အဖွဲ့အား ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း စုံစမ်းစစ်ဆေးနေသည့် နေရာသို့ မည်သူမျှ မလာရန် မှာထားကြောင်း ပါမောက္ခချုပ်ရုံးခန်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ထားဝယ်တက်္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒေါက်တာမျိုးမျိုးမြတ်အား တိုင်ကြားသည့်စာကို ပညာရေးဝန်ကြီး ဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီတို့ထံ လိပ်မူပြီး ဇန်န၀ါရီ ၉ ရက်က ပေးပို့ခဲ့သည်။
အဆိုပါဌာနမှူးသည် ဓာတုဗေဒကျောင်း သူကျောင်းသားများအား ခြိမ်းခြောက်ခြင်း၊ ဌာနရှိ ဆရာဆရာများအပေါ် သွေးခွဲအုပ် ချုပ်ခြင်း၊ ဓာတုဗေဒဌာနအတွင်းသာမက ကျောင်းတွင်းကိစ္စများတွင် ခြယ်လှယ်ခြင်း၊ ထားဝယ်ဒေသနှင့် ထားဝယ်စကားကို နှိမ့်ချစော်ကားခြင်း စသည်တို့ကြောင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားခဲ့သည့် ကျောင်းသားများက ပြောသည်။

 

Dawei Watch