တောရိုင်းတိရိစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ခြင်းဆိုင်ရာ ညီလာခံပြုလုပ်

0
551

မြိတ်တက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)တို့ ပူးပေါင်း ဆောင်ရွက်သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ခြင်း ဆိုင်ရာညီလာခံကို ဇန်နဝါရီလ ၂၄ရက် နှင့် ၂၅ ရက်တို့က မြိတ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းအတွင်း တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုမှာများပြားနေမှုနှင့်အတူ ထိန်းသိမ်းရန် အရေးကြီး လိုအပ်လျက်ရှိသည့်အတွက် ညီလာခံ ကျင်းပရခြင်းဖြစ်ကြောင်း FFI (Fauna & Flora International) တနင်္သာရီဒေသ ထိန်းသိမ်းရေး စီမံကိန်းမန်နေဂျာ ဦးနေမျိုးရွှေက ပြောသည်။
ညီလာခံတွင် တိုင်းအတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား မြေပြင်အထိ ကွင်းဆင်းဆောင်ရွက်ထားသည့်ရလဒ်များအား သုတေသနစာတမ်းများ ဖတ်ကြားခြင်းနှင့် အုပ်စုဖွဲ့အလိုက် အသိပေးညာပေး အစီအစဉ်၊ ဥပဒေအကျိုးသက်ရောက်မှုနှင့် အလွှာအသီးသီး၏ပူးပေါင်းပါဝင်ဆောင် ရွက်မည့်အစီအစဉ်များ စသဖြင့် ဆွေးနွေးခဲ့သည်။
ညီလာခံမှ ရရှိလာသည့် တွေ့ရှိချက် ဆွေးနွေးချက်များအား အခြေခံပြီးဦးစားပေးလုပ်သင့်သည့် ကဏ္ဍအလိုက် အဖြေထုတ် သွားမည်ဖြစ်ပြီး တိုင်းအစိုးရသို့လည်း တင်ပြမည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဦးနေမျိုးရွှေက ဆိုသည်။

 

မြင့်မိုရ်(မြိတ်)