မြန်မာနိုင်ငံသား ၆ ဦးပါ ငါးခိုးဖမ်းသည့် ထိုင်းဝါလပ်လှေကို တပ်မတော်(ရေ) သတိပေးပစ်ခတ်ပြီး ဖမ်း

0
763

တနင်္သာရီတိုင်းရေပြင်တွင် ငါးခိုးဖမ်း နေသည့် ထိုင်းဝါလပ်လှေကို ဇန်န၀ါရီလ ၁၃ ရက်က တပ်မတော်စစ်ရေယာဉ်မှ သတိပေးပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ဇန်န၀ါရီလ ၁၃ ရက် ည ၁၁ နာရီခွဲ ခန့်တွင် ပင်လယ်အတွင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်နေသည့် မသင်္ကာဖွယ် ရေဒါပစ်မှတ်တစ်ခုအား တွေ့ရ၍ စစ်ရေယာဉ်က စစ်ဆေးရန် သွားရောက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ် တမ်းအရ သိရသည်။

အဆိုပါ ထိုင်းငါးဖမ်းလှေကို မီးဖြင့် အချက်ပြခေါ်ရာ တောင်ဘက်သို့ မောင်း နှင်ထွက်ပြေးသဖြင့် စစ်ရေယာဉ်ဖြင့် လိုက်ပြီး သတိပေးပစ်ခတ်ဖမ်းဆီးရာ လုံးခွက်ကျွန်း၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာတွင် ဖမ်းမိခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

အလျားပေ ၇၀ ခန့်ရှိပြီး ခြောက်လုံးထိုးအင်ဂျင်တပ်ဆင်ထားသည့် ထိုင်း ၀ါလတ်လှေပေါ်တွင် မြန်မာနိုင်ငံသား စက်ဆရာ ၁ ဦး၊ ထမင်းချက် ၁ ဦးနှင့် လှေသား ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ လှေပဲ့နင်းဖြစ်သူကို ဖမ်းဆီးရမိသည်ဟု ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ မြန်မာနိုင်ငံသား ၆ ဦးကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တရားလို လုပ်ကာ နိုင်ငံခြားငါးလုပ်ငန်း ဥပဒေ ပုဒ်မ- ၃၈ (ခ)ဖြင့် ကော့သောင်းမြို့ မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

 

Dawei Watch