ကျမ်းရှူးပါစေသား

0
798

မယ်ကုဝန်တစ်ယောက် ညည အိပ်မပျော်၊ အိပ်မပျော်ရတဲ့အထဲ ဟိုအကြောင်း စဉ်းစားမိတိုင်းချွေးတွေ ကွမ်းသီးလုံးခန့် မိုးသီးကြွေသလို မျက်နှာမှ တဖြုတ်ဖြုတ်ကျဆင်းလာသည်။ ဖွင့်ထားသည့် လေအေးပေးစက်ကို ဂိတ်ဆုံးနီးပါး လျှော့ထားပေမယ့် လည်း တကယ်တော့ အလုပ်မဖြစ်။ လင်တော်မောင် ငမူးကလည်း အိမ်ပြန်မအိပ်တာ ကြာလှပေါ့။
အခုချိန်ဆို သောက်တုန်း၊ မူးတုန်း၊ ဟောတုန်း၊ ပြောတုန်း နေလိမ့်မည်။ ရှေ့နေ မယ်ကုဝန်တစ်ယောက် အိပ်မရသည့် အကြာင်းအရင်းနဲ့ ဖြစ်စဉ်က စီးပွားရေးအဆင် မပြေ၍မဟုတ်။ ဟိုတစ်နေ့က တရားသူကြီး ခေါ်၍ ပြောလိုက်သော စကားများကြောင့် ဖြစ်သည်။

တရားရုံးမှာရှိတဲ့ တရားသူကြီးတွေ၊ သက်သေတွေ၊ အမှုသည်တွေ ကျမ်းကျိန် ကြသလို တရားခံ၊ တရားလိုတို့ရဲ့ ရှေ့နေ တွေ၊ ဥပဒေအကျိုးဆောင်တွေလည်း ရုံးတက်တဲ့ မနက်တိုင်း တရားခွင်မှာ ကျမ်းကျိန်ရမည်။

ကောင်းမှကောင်းကြသေးရဲ့လားလို့ မယ်ကုဝန် စဉ်းစားမိသည်။ အမှန်တော့ မဟုတ်တာ မှန်သမျှလုပ်နေတဲ့ မယ်ကုဝန် လို ရှေ့နေမျိုးတွေလည်း ကျမ်းကျိန်ရမည် ဆိုတော့ ကျောချမ်းပြီး တဆတ်ဆတ်တုန်အောင် ကြောက်လှသည်။
အရင်လို ဈေးသည်ဘ၀ကိုလည်း ပြန်မသွားချင်။ လုပ်စားတတ်တာဆိုလို့ အာနဲ့ရင်းပြီး လုပ်စားနေရတဲ့ ဒီဘ၀က အနေချောင်၊ အစားချောင်၊ လုပ်ချင်ရာ လုပ်နေရသည်မို့ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်မတ်မတ်ဆိုတဲ့စကား မယ်ကုဝန် မေ့တာ ကြာလှပေါ့။ ကျမ်းကျိန်ရတဲ့ ကျမ်းမှာ ဘာတွေပါလဲဆိုတာ မယ်ကုဝန်သိပြီးသား။

“ကျိန်ဆိုမြဲကျမ်း သစ္စာတွင် မဟုတ်မမှန် ထွက်ဆိုပါက၊ သာသနာတော်စောင့်နတ်၊ လောကပါလစောင့်နတ်၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်တို့ရဲ့ ဘေးသင့် ပြီး သေစေခြင်း၊ ရေ၀ယ်သွားလည်း ရေနေအပေါင်း မိကျောင်း၊ လင်းပိုင်တို့၏ ဘေးသင့်ပြီး သေစေခြင်း၊ ကြည်းဝယ်သွားလည်း၊ ကျားသစ်၊ ဆင်ရဲ၊ မြွေပွေး၊ မြွေ ဟောက်တို့၏ ဘေးသင့်ပြီး သေစေခြင်း၊ သွေးခဲ၊ သွေးနက်ပွက်ပွက်ထွက်၍ သေစေခြင်း၊ သား မြေဥစ္စာကုန်အောင် အကြွင်းမဲ့ ပျက်စီးခြင်း၊ သေတုံငြားလည်း ငရဲကြီး ရှစ်ထပ်၊ အပ္ပာယ်လေးပါးလားစေခြင်း”  စသည်ဖြင့် မယ်ကုဝန် ကြားသိဖူးသည်။

အရင် သက်သေတွေကျိန်ရာကနေ၊ တရားသူကြီးတွေကျိန်ဆိုရမယ်ဆိုတော့ ဝမ်းသာကြောင်း လူကြားကောင်းအောင် မယ်ကုဝန် လျှောက်ပြောခဲ့သည်။ ယခု ကိုယ့်အလှည့်ဆိုတော့ ဘာပြောရမှန်းပင် မသိတော့။ အကြောက်လွန်လို့ ဒူးတဆတ် ဆတ်တုန်သည်။
အဝေးသင် တက္ကသိုလ်ကျောင်းတက်စဉ်က ကုန်ခြောက်ဆိုင်ရောင်းတုန်းက ပဲဆီဆိုပြီး စားအုန်းဆီတွေရော၊ ငရုတ်သီး မှုန့်ထဲ လွှစာမှုန့်တွေရော စသည်ဖြင့် ရောသမမွှေလို့ နာမည်ကြီးခဲ့တဲ့ ရှေ့နေ မယ်ကုဝန်တစ်ယောက် ကျောင်းပြီးတော့ ရှေ့နေတစ်ယောက် မစလို့ ဒီလိုခပ်ပေါ့ပေါ့ ရှေ့နေတစ်ယောက် ဖြစ်ခဲ့တာပါ။ ဈေးသည် ဘဝက မပေးချင်တဲ့အကြွးတွေကို ရှေ့နေ အင်္ကျီဝတ်ချလိုက်တာ ဈေးသည်တွေ ထပ်မတောင်းရဲတော့၊ ပြီးတော့ မသိသလို ရုပ်တည်ကြီးနဲ့ နေနေတော့ အကြွေးရှင် ဈေးသည်တွေ အလိုလိုရှိန်ကုန်တာ။
ရှေ့နေ မလုပ်ရလို့ ဈေးပြန်ရောင်းရင် အရင်အကြွေးရှင်တွေက ထပ်နှိမ်ဦး၊ ချိုဖဲ့ဦးမှာ ကြောက်သလို၊ ပါးစပ်လေးရင်းပြီး ပေါင်းစားနေရတဲ့ ရှေ့နေဘ၀လောက် ကောင်းတာ မရှိဘူးဆိုတာလည်း မယ်ကုဝန် ကောင်းကောင်းသိသည်။
စကားကို ကတ်သီးကတ်သတ်နဲ့ ရှည်ရှည်ဝေးဝေး ပြောတတ်တာနဲ့ လူရှေ့ တစ်မျိုး နောက်ကွယ်တစ်မျိုးလုပ်တတ်တဲ့ မယ်ကုဝန်ရဲ့ အစွမ်းအစက ရှေ့နေဘဝ အောင်မြင်တယ်လို့ အများမြင်နိုင်တဲ့ နောက်ကွယ်က လက်နက်။ ဥပဒေပညာတို့ ရှေ့နေပညာတို့ မယ်ကုဝန်ကို လာမပြောနဲ့ ဘာမှ မယ်မယ်ရရ မသိဘူး၊ သူသိတာ အမှုစစ်မယ့် တရားသူကြီး၊ ဥပဒေ၀န်ထမ်း၊ စာရေးမတွေကို အရင်ဝင်လုံးထားနိုင်ဖို့နဲ့ တရားခွင်ထဲမှာ လူကြားကောင်းအောင် ဗမာသံ ပီပီသသနဲ့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရှည်ကြီးမေးဖို့၊ တစ်ဘက်ရှေ့နေကို ရန်တွေ့ဖို့သာ။
ကိုယ့်အမှုသည်ကတော့ ငါ့ရှေ့နေ ငါ့အတွက်တအားပြောပေးတယ်ဆိုတာ သိဖို့ပါပဲ။
လျှောက်လဲချက်တွေ ဘာတွေတင်ဖို့ လည်း ပူစရာမလို၊ အရင်ရှေ့နေဆရာရေး ထားတဲ့ လျှောက်လဲချက်ဖိုင်တွဲကြီးနဲ့ ကွန်ပျူတာဆိုင်က ၀န်ထမ်းကို ပိုက်ဆံပေး ပြီး တခြားရှေ့နေတွေရေးတဲ့ လျှောက်လဲချက် မိတ္တူတွေ လျှောက်လွှာ မိတ္တူတွေ ရထားပြီး မို့ နာမည်ပြောင်းပြီး ကူးရေးလိုက်ရုံသာ။

များများနဲ့ မြန်မြန်နိုင်ဖို့ဆိုရင် အမှုနဲ့ဆိုင်တဲ့သူတွေကို ဝန်ဆောင်မှု ကောင်းကောင်းပေးဖို့ အရေးကြီးတယ်၊ လူပဲ ဘာသားနဲ့ထုထားတာ မှတ်လို့၊ တစ်ခုမဟုတ်တစ်ခု လိုအပ်ချက်ရှိနေတဲ့သူချည်း၊ ဒါကိုသိဖို့ပဲ လိုတယ်

လို့လည်း အောင်မြင်တယ်လို့ လာလာချီးမွှမ်းပြော ဆိုနေတဲ့ ဂျူနီယာရှေ့နေတွေကိုလည်း မယ်ကုဝန်က သြ၀ါဒပေးနေကျ။
အောင်မြင်တယ်လို့ မယ်ကုဝန်ကိုယ် တိုင်ကြေညာတဲ့နောက်ပိုင်း မယ်ကုဝန်မှာ အမှုတွေအလွန် များပြားလာသည်။ အမှုလိုက်ခလည်း သူများထက် ၁၀ ဆခန့် များသည်။ များဆို ပွဲစားခ ခွဲပေးရတာတွေ၊ တရားရုံးအတွက် ဘာကြေးညာကြေး ပေးရတာတွေ၊ ဂါစရိတ်ပေးရတာတွေပါ ပေါင်းယူရသည်။
ဒီလောက်အများကြီးပေးရတာ အမှုအပ် တဲ့လူရှိသလားဆိုတာ မစိုးရိမ်နှင့် မယ်ကုဝန် ကို အမှုရှာပေးတဲ့ အရင်းအမြစ်တွေက အဲဒီ အမှုကို ဖမ်းတဲ့ ရဲတွေ၊ အမှုစစ်တွေ၊ ရပ်ကွက်လူကြီးတွေ၊ သက်သေပါနေတဲ့ သူတွေ၊ အမှုရှာပေးတဲ့ပွဲစားခကို လောက် လောက်လားလား၊ မြောက်မြောက်မြားမြား ပေးထားတော့ အဆိုပါပွဲစားတွေက မယ်ကုဝန်ကိုမှ ရှေ့နေမငှားရင် တရားရုံးမှာ သေဒဏ် ကျလောက်အောင်ပဲ ထွက်ဆိုတော့မလို၊ အပြစ်အကြီးကြီးအောင် ၀ိုင်းလုပ်တော့မလို ပြောနေတော့ အမှုသည်တွေခမျာ သူ့လက်ခုပ် ထဲမှာပဲလေဆိုပြီး ကြောက်ကြောက်နဲ့ အမှုငှားကြရတာ။
အမှုအတောအတွင်းလည်း မယ်ကုဝန် တစ်ယောက် တောင်းလိုက်တဲ့ ခေါင်းစဉ် အမျိုးမျိုး ငွေစာရင်းကိုင်တောင် ထိုင်ငိုလောက် တယ်။ အမှုပြီးလို့ သူပြောသလို မဖြစ်လို့လာ ဆဲသူကလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ မယ်ကုဝန် က နေတတ်သည်။ ဟန်ဆောင်ကောင်း သည်။ ဟိုက တည့်လည်း မဆဲရဲကြ၊ ရှေ့နေ ဆိုတော့ တစ်မှုကနေ နှစ်မှု တိုးမှာလည်း ကြောက်ကြရသေးသည်။
စဉ်ဆက်မပြတ် သရဖူဆောင်းခဲ့သည့် မယ်ကုဝန်တစ်ယောက် အခုမှ ဒုက္ခရောက် ပြီ၊ အမှုတွေကလည်းများတော့ နေ့တိုင်း ကျမ်းကျိန်ရတော့မည်။ မဟုတ်တာ၊ မမှန်တာ မလုပ်တဲ့ရက်ကလည်း တစ်ရက်လည်း မရှိတော့ ဒီလိုသာကျမ်းကျိန်ရရင် မယ်ကုဝန်ကြောက်ရင်းနဲ့ သေရပါတော့မယ်။
ဒီကြားထဲ မယ်ကုဝန်နဲ့အမှုတွေလုဖက် ရှေ့နေကလည်း မယ်ကုဝန်ကို စောင်းစောင်း ပြောလာသည်။ “သွေးတွေ ပွက်ပွက် အန်မှာနော်၊ ငရဲကြီးရှစ်ထပ်ရောက်မှာနော်”တဲ့။ သူ့ကိုလည်း အညံ့ခံလို့မဖြစ်။ သူက လည်း မယ်ကုဝန်အမှုမလိုက်ခင်က ဒီလိုအမှုဖြစ်နေတဲ့အိမ်မှာ ပွဲစားတွေလွှတ် ပြီး ကောင်းကောင်းကြီးပြောပြီး အမှုဆွယ်ခဲ့သည့်အလုပ် လုပ်သည်။
မယ်ကုဝန်က ရာခိုင်နှုန်းတွေအများ ကြီးပေးပြီး စည်းရုံးလိုက်တာ၊ မယ်ကုဝန် ဘက်က ပါလာကြတယ်။ တကယ်တော့ မယ်ကုဝန်ရဲ့ဗျူဟာကို မီသူမဟုတ်။ စဉ်းစားရင်းတွေးတောရင်းနဲ့ အမှန်တော့ မယ်ကုဝန်တို့ရွာဘက်ကလူတွေက သနဲ့တ၊ စနဲ့ရကောက် တို့ကို ပီသူများမဟုတ်။ မယ်ကုဝန်က တစ်ခုခုကို သတိရပြီး ဒီတော သားရှေ့နေထက်သာမယ့်အရေးကို တွေးမိလာသည်။
နောက်နေ့ရုံးရောက်တော့ နိုင်ငံတော် တံဆိပ်အောက်မှာ တရားရုံး ဘိလစ်စာရေး ကြီးက ကျမ်းစာကို အပြည့်အစုံတိုင်ပေး၍ ရှေ့နေများလိုက်ဆိုရန် ပြောသည်။

——–မမှန်မကန်ဆောင်ရွက် ပါက၊ ကျိန်စာများသင့်ပြီး ကျမ်းစူး ပါစေသား

မယ်ကုဝန်လည်း တည်တည်ငြိမ်ငြိမ် ဖြင့် တစ်လုံးချင်းပြန်လည် ကျိန်ဆိုလိုက်သည်။

——— မမှန်မကန်ဆောင်ရွက် ပါက၊ ကျိန်စာများတစ်ပြီး ကျမ်းရှူး ပါစေသား

အောင်ဇာနည်စိုးး