ဥယျာဉ်ခြံအတွင်းကျသည့် လက်ပစ်ဗုံးများ ဖောက်ခွဲဖျက်ဆီး

0
703

မြိတ်ခရိုင်၊ ပလောက်မြို့ ၀ဇွမ်းအုပ် ကျေးရွာရှိ ဒေသခံများစိုက်ပျိုးထားသည့် ဥယျာဉ်ခြံအတွင်း တွေ့ရသည့် လက်ပစ်ဗုံးများကို  ဇန်န၀ါရီလ ၂၄ ရက် ညနေပိုင်းတွင် အမှတ်(၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သွားရောက် ဖောက်ခွဲလိုက်ပြီဖြစ်ကြောင်း ဒေသခံ စောဆေးကဘောဒိုက ပြောသည်။

ဇန်န၀ါရီလ ၂၀ ရက်က အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ စစ်လေ့ကျင့်နေသည့် သင်တန်းသားများပစ်ခဲ့သည့် လက်ပစ်ဗုံးများအနက် ၁၀ လုံးခန့်မှာ ဒေသခံများစိုက်ပျိုးထား သည့် ဥယျာဉ်ခြံအတွင်း ကျရောက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“ပထမက သူတို့ခွဲတာ ၇ လုံး၊ ဒုတိယက ၄ လုံး၊ နောက်ထပ် သူတို့ ပြန်ရှာပြီးတော့ ခွဲတာနဲ့ဆို စုစုပေါင်း ၁၃ လုံးလောက်ရှိတယ်”ဟု စောဆေးကဘောဒို က ပြောသည်။

ယင်းအပြင် နောက်ပိုင်းတွင်လည်း အလားတူ လက်နက်၊ ခဲယမ်းများတွေ့ရှိပါက ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်း တာဝန်ရှိသူများကို လာရောက် အကြောင်းကြားရန် မှာကြားခဲ့ကြောင်း ၎င်းင်းက ပြောသည်။

ကနဦး လက်ပစ်ဗုံးများ စတင်တွေ့ ရှိစဉ်က ပေါက်ကွဲမည်ကို စိုးရိမ်မှုများရှိ သော်လည်း တပ်မတော်သို့ သွားရောက် အကြောင်းကြားရန် ဒေသခံများ မ၀ံ့မရဲ ဖြစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူး တွဲစောင့်ကြည့်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ နော်မေးလ်ဒြက်က ပြောသည်။

အမှတ်(၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း၏ မြေပုံအရ ၀ဇွမ်းအုပ်ဒေသခံ ကရင်တိုင်းရင်းသားများ စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံ ၆၈၇ ဧကခန့်သည် အဆိုပါ ကျောင်း၏ ဧရိယာအတွင်း ကျရောက်နေကြောင်း စောဆေးကဘောဒိုက ပြောသည်။

လက်ပစ်ဗုံးကျသည့် ဥယျာဉ်ခြံသည် မြေမြှုပ်မိုင်းရှိသည့်နေရာဖြစ်သောကြောင့် ယင်းနေရာအား ဒေသခံများမလာရန် တပ်မတော်က တားမြစ်ထားသည်ဟု ဒေသခံအချို့က ပြောသည်။

သို့သော် ယင်းနေရာတွင် တပ်မတော်က မလာရောက်ရန် မတားမြစ်ခင်ကတည်းက စိုက်ပျိုးထားသည်ဟု ၎င်းင်းတို့က ဆိုသည်။

ဒေသခံများက စိုက်ပျိုးလုပ်ကိုင်နေ သည့် အဆိုပါ ဥယျာဉ်အနီးအနားတွင် စစ်ရေးလေ့ကျင့်မှုများလာရောက်မပြုလုပ်ရန် လိုလားနေကြောင်း ဒေသခံတစ်ဦး ဖြစ်သူ စောအားကျော်ဦးက ပြောသည်။

တပ်မတော်ဘက်ကမူ ယင်းနေရာ သည် လေ့ကျင့်ရေးကွင်းဧရိယာဖြစ်သော ကြောင့် စစ်ရေးဆိုင်ရာလေ့ကျင့်မှုများ ဆက်လုပ်မည်ဖြစ်သော်လည်း ရွာသားများစိုက်ပျိုး ထားသည့် ဥယျာဉ်များဘက်သို့ လက်နက်၊ ခဲယမ်းများ မကျရောက်စေရေး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည်ဟု ပြောဆိုထား ကြောင်း ဒေသခံအချို့က ပြောသည်။

ယခင်က ဒေသခံများစိုက်ပျိုးထားသည့် ဥယျာဉ်ခြံဘက်သို့ လက်နက်ခဲယမ်းနှင့် လက်ပစ်ဗုံးများ ကျရောက်လေ့ မရှိဘဲ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ယခု ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် တစ်ကြိမ် လက်ပစ်ဗုံးများ ဒေသခံများ စိုက်ပျိုးထားသည့် ဥယျာဉ်အတွင်း ကျရောက်နေကြောင်း စောဆေးကဘောဒိုက ဆိုသည်။

 

ကျော်သူစိုး