ရွာရှင်နတ်ရုပ် အသစ်လဲသည့် အုပ်ချုပ်ရေးမှူးနှင့် ရွာသားခြောက်ဦးကို အရေးယူပေးရန် တရားရုံးတွင် ဦးတိုက်လျှောက်

0
430

သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ရပ်ကွက်တွင် ရွာရှင်နတ်ရုပ်အသစ်လဲခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ရွာသား ခြောက်ဦးကို အရေးယူပေးရန် မြို့နယ်တရားရုံးသို့ ဇန်န၀ါရီလ ၂၅ ရက်က ဦးတိုက်လျှောက်ထားခဲ့ကြောင်း လျှောက် ထားသူ ဦးဥာဏ်ဝင်း၏ အကျိုးဆောင်ရှေ့နေက ပြောသည်။
ဦးတိုက်လျှောက်ထားမှုကို သရက်ချောင်းမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)ဖြင့် လက်ခံခဲ့ ကြောင်း အကျိုးဆောင် တရားလွှတ်တော်ရှေ့နေဒေါ်စန္ဒာဌေးက ဆိုသည်။
“တရားသူကြီးက တရားလိုလျှောက်ထားမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးမှု လုပ်ခိုင်းထားတယ်”ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်စန္ဒာဌေးက ပြောသည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး တရားသူကြီးထံ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွာရှင်နတ်ရုပ်ကို လွန်ခဲ့သည့် ၂၃ နှစ် ခန့်ကတည်းက ၎င်းင်းကိုယ်တိုင်လှူဒါန်း ခဲ့ပြီး ရပ်ကွက်နေသူများ ကိုးကွယ်လာကြ ရာမှ လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရွာသားခြောက်ဦးက နတ်ရုပ်ထုအဟောင်းကို ဖယ်ရှားပြီး ရုပ်ထုအသစ်ကို အစားထိုးခဲ့ကြောင်း ဦးဥာဏ်ဝင်း ဆိုသည်။
ယင်းကဲ့သို့ ရပ်ကွက်နေသူများ အထွတ်အမြတ်ထား ကိုးကွယ်နေသည့် ရုပ်ထုအဟောင်းကို ဖယ်ရှားပြီး ရုပ်ထု အသစ်ထားရှိချိန်တွင် မူလနတ်ရုပ်အလှူ ရှင်ဖြစ်သည့် ၎င်းအား အသိမပေးခဲ့ဟု ဦးဥာဏ်ဝင်းက ပြောသည်။
အရေးယူပေးရန် ဦးတိုက်လျှောက်ခံ ရသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် ဦးဇော်ဝမ်းကမူ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က ရွာလုံးကျွတ် အစည်းအဝေးလုပ်ပြီးမှ နတ်ရုပ်တုလဲလှယ် ခြင်းဖြစ်သည်ဟု ဆိုသည်။
“သူတစ်ဦးတည်း လှူထားတယ်ဆို ပေမယ့် တစ်ရွာလုံးကိုးကွယ်နေတာ၊ တစ်ရွာလုံး ဆွေးနွေးပြီးပြီဖြစ်လို့ ဖျက်ဆီးတာ မဟုတ်ပါဘူး””ဟု ဦးဇော်ဝမ်းက ပြောသည်။
ယခင်နတ်ရုပ်ထုကို အင်္ဂတေဖြင့် ထုလုပ်ထားပြီး အသစ်လဲလှယ်လိုက်သည့် ရုပ်ထုကိုမူ သစ်သားဖြင့် ထုလုပ်ထား ကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။
“ထွေထွေထူးထူး ပြောစရာမရှိပါ ဘူး၊ တိုင်ထားတာနဲ့ ပတ်သက်ပြီး လိုက်ရှင်း ဖို့ပဲ ရှိတယ်”ဟု ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးရဲဇော်အောင်က ပြောသည်။
ဆင်ဖြူပြင်ရပ်ကွက် နတ်ပွဲကို ပြာသိုလတွင် စည်ကားစွာ နှစ်စဉ်ကျင်းပ လေ့ရှိကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

ကိုဇော်