မွန်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးမည်

0
439

စည်းကမ်းရှိရှိနှင့် တရားဝင်မောင်းနှင် စီးနင်းနိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
မွန်ပြည်နယ်တွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စည်းကမ်းမဲ့မော်တော်ယာဉ်များအား ဖမ်းဆီး အရေးယူနေသည့် စီမံချက် (လင်းယုန်စီမံချက်)နှင့် ပတ်သက်ပြီး ဇန်န၀ါရီလ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေသလိုင်စင်လုပ်ပေးမည့်ရက် အတိအကျ ပြောနိုင်ခြင်းမရှိသေးသော်လည်း အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး စီမံကိန်းရေးဆွဲပြီးပါက စည်းကမ်းချက်သတ်မှတ်ချက်အစရှိသည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာပေးသွားမည်ဟုလည်း မွန်ပြည်နယ်အစိုးရက ပြောသည်။
“ဒေသတွင်းလိုင်စင်ပဲဖြစ်ဖြစ်ပေါ့ လုပ်ပေးမယ်ဆိုရင် ကောင်းပါတယ်၊ အခု ဖမ်းဆီးနေတော့ တချို့ကလည်း အစိုးရ အနေနဲ့ ဒေသလိုင်စင်ဖြစ်ဖြစ် လုပ်ပေးသင့် တယ်ဆိုပြီး ထောက်ပြပြောဆိုနေတာတွေ လည်းရှိတယ်၊ လိုင်စင်ကြေး မများတဲ့နှုန်း ထားနဲ့ပေါ့ လုပ်ပေးစေချင်တယ်”ဟု မုဒုံ ဒေသခံ ဦးအောင်ဇော်က ပြောသည်။
မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လိုင်စင်ရှိမော်တော်ဆိုင်ကယ် အစီးပေါင်း ၃သိန်းခွဲခန့် ရှိသည်ဟု မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနရုံးရှိ စာရင်းအရ သိရသည်။

 

ယဉ်စနိုင်း