ဆားကြမ်းထုတ်လုပ်မှု စရိတ်မြင့်တက်

0
518

မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများ ဆားအထွက်လျော့နည်းခြင်းနှင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာခြင်းကြောင့် ဆားကြမ်းထုတ်လုပ်မှုစရိတ် တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာသည်ဟု ပြည်နယ် အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရ သည်။
ရာသီဥတုကြောင့် ဆားအထွက်လျော့နည်းလာခြင်း၊ အလုပ်သမားလုပ်အားခ ကြီးမြင့်လာခြင်းနှင့် ဆားလုပ်ငန်းတွင် အဓိက အသုံးပြုနေရသည့် စက်သုံးဆီဈေး မြင့်တက်လာခြင်းတို့ကြောင့် ဆားကြမ်း ထုတ်လုပ်မှုစရိတ်သည်လည်း မြင့်တက် လာပြီး တစ်ပိဿာ ကုန်ကျစရိတ်မှာ ၂၀၁၅-၁၆ နှစ်များအထိကျပ် ၅၀ ဝန်းကျင် သာရှိသော်လည်း လက်ရှိတွင် ကျပ် ၁၀၀ ဝန်းကျင်ထိ ကုန်ကျလာသည်ဟု ဆားတောင်သူတို့က ပြောသည်။
“ပြီးခဲ့တဲ့နှစ်ကတော့ တစ်ပိဿာ ထုတ်လုပ်မှုစရိတ်က ၈၀ လောက်ရှိတယ်၊ ဒီနှစ်ကတော့ ဆားအထွက်နှုန်းပေါ်မှာပဲ မူတည်မယ်၊ ရာသီဥတုအခြေနေပေါ်မှာ မူတည်နေတယ် မိုးဖျက်မလား သင်္ကြန်နောက်ပိုင်း မိုးရွာမယ်ဆိုရင်တော့ ဆားအထွက်နည်းမယ်”ဟု ပငဆားလုပ်ငန်းရှင် နိုင်ဘရှိန်က ပြောသည်။
အလုပ်သမားစရိတ်မှာ ယမန်နှစ်က တစ်နေ့လျှင် ကျပ် ၅၀၀၀ သာပေးရ သော်လည်း ယခုနှစ်တွင် ကျပ် ၆၀၀၀ ဖြစ်သွားသည်ဟု နိုင်ဘရှိန်က ဆိုသည်။
ယခုနှစ်တွင် ရာသီဥတုကောင်းမွန် ပြီး ဆားအထွက်လည်း ပုံမှန်ရှိပါက တစ်ပိဿာ ကုန်ကျစရိတ်သည် ကျပ် ၁၀၀ ခန့် ရှိနိုင်ကြောင်း၊ ရာသီဥတုမကောင်း ပါက ကျပ် ၁၀၀ အထက် ကုန်ကျနိုင် ကြောင်း ဆားတောင်သူတို့က ခန့်မှန်း ထားကြသည်။
“ဆားအထွက်လျော့သွားရင် ဆားထုတ်လုပ်မှုစရိတ်သည် ၁၀၀ ၀န်းကျင် ကနေ ၁၀၀ ကျော်သွားနိုင်တယ်”ဟု မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဦးဝင်းထိန်က ပြောသည်။
ယခုနှစ် ဆားရာသီအစဖြစ်သည့် ဇန်န၀ါရီလပထမအတွင်းကလည်း ရွာသွန်း ခဲ့သည့်မိုးကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကွင်းများအားလုံးပျက်စီးသွားပြီး ဆားကြမ်းထုတ်လုပ်မှုကို ဖေဖော်ဝါရီလ လောက်မှသာ ထုတ်လုပ်နိုင်တော့မည်ဟု ဆားတောင်သူတို့က ပြောသည်။
၂၀၁၈ ခုနှစ် ဆားထုတ်လုပ်ရာသီ ကာလတုန်းကလည်း ရာသီဥတုဖျက်စီးမှုကြောင့် ဆားကွင်းပျက်စီးပြီး တစ်ပြည်နယ် လုံးတွင် ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့်ထိ လျော့ကျမှုရှိခဲ့သည်။
ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း၌ ဆားလုပ်တောင်သူ ၇၀ ဦးခန့်တို့မှ ဆားကွင်းဧကပေါင်း ၃၀၀၀ ကျော်တို့တွင် ဆားကြမ်းထုတ်လုပ်လျက်ရှိပြီး ဆားတန်ချိန် ၃ သောင်းကျော် ထုတ်လုပ်လျာထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်းထုတ် လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။

ယဉ်စနိုင်း