မွန်ပါတီ မြို့နယ်အဆင့် ပေါင်းစည်းရေး ရက်ပိုင်းအတွင်း ပြီးမည်

0
538

မွန်နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်းတည်ထောင်မည့် မွန်ညီညွတ်ရေးပါတီ၏ မြို့နယ်အဆင့် ပေါင်းစည်းရေးကို မြို့နယ် ၇ မြို့နယ်တို့တွင် ဆောင်ရွက်ထားပြီးဖြစ်ကာ ရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
ပါတီဗဟိုအဆင့် ပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့်ပေါင်းစည်း ရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
လက်ရှိတွင် ရေး၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင်နှင့် မော်လမြိုင်မြို့နယ်တို့တွင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။
သထုံနှင့် ကျိုက်ထိုမြို့နယ်ကို ဇန်န၀ါရီ ၂၆ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မွန်တိုင်းရင်းသားနည်းသည့် ဘီးလင်းမြို့နယ်တွင်မူ ပေါင်းစည်းရေးအတွက် မလုပ်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၂ နိုင်စံတင်က ပြောသည်။
“မြို့နယ် ကော်မတီဖွဲ့တဲ့နေရာမှာ မော်လမြိုင်မြို့နယ်က တခြားသော မြို့နယ် တွေနဲ့မတူတာက ပါတီတစ်ခုလုံး အစည်း ပြေသလို ဖြစ်နေတော့ မြို့နယ်ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်၊ အသစ်ဖွဲ့ စည်းတဲ့နေရာမှလည်း လူဟောင်းတွေကို အားလုံးပယ်လိုက်တာမျိုး မဟုတ်ဘဲ လူဟောင်းရော၊ လူသစ်တွေပါ အားလုံးပေါင်းပြီး ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ အခက်အခဲ မရှိပါဘူး”ဟု ၎င်းက ပြောသည်။
မြို့နယ်အဆင့် ပေါင်းစည်းရေးဆောင်ရွက်ပြီးပါက ဖေဖော်ဝါရီလဆန်း ပိုင်းမှစကာ ရပ်ကွက်/ကျေးရွာအဆင့် ပေါင်းစည်းရေးကို ဆောင်ရွက်သွားမည် ဟုလည်း နိုင်စံတင်က ပြောသည်။
မွန်ပါတီများ မွန်နိုင်ငံရေး အင်အားစုများနှင့် ဖွဲ့စည်းထားသည့် ပါတီကို “မွန် ပါတီ” အမည်ဖြင့် ရွေးကောက်ပွဲကော်မရှင် ထံ ပါတီတည်ထောင်ခွင့်လျှောက်ထားရာ ရွေးကောက်ပွဲကော်မရှင်က “မွန်ပါတီ” ဆိုသည့် ပါတီအမည်ကို လက်မခံသည့် အတွက် မွန်ညီညွတ်ရေး ပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့် ထပ်လျှောက်ထားဆဲ ဖြစ်သည်။
ဖေဖော်ဝါရီလအတွင်းတွင် ပါတီတည်ထောင်ခွင့်ကျလာနိုင်ကြောင်း ပါတီတည်ထောင်ခွင့်ကျသည်နှင့် ပါတီမှတ်ပုံ တင် သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။
မွန်ပါတီပေါင်းစည်းရေးတွင် လက်ရှိ မွန်ပါတီကို ပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၂၀ ဦးနှင့် မွန်အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၀ ဦး တို့ဖြင့် ဗဟိုကော်မတီဝင် ၁၄၀ ဦး၊ ၎င်းတို့ ထဲမှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့ ၄ ဦး၊ အတွင်းရေးမှူး အဖွဲ့ ၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
မွန်ပါတီအနေဖြင့် ကျန်ရှိနေသေးသည့် မွန်အင်အားစုများ ပါဝင်လာနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဟုလည်း မွန်ပါတီခေါင်းဆောင်တို့က သဘောတူဆုံးဖြတ်ထားသည်။

 

ယဉ်စနိုင်း