ဝန်ကြီးချုပ် အရေးယူခံရတော့မည်လော

0
725

တနင်္သာရီဝန်ကြီးချုပ် အရေးယူခံရတော့မည်ဟု ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက သတင်းအတော်ပင် ပြန့်နှံ့ခဲ့ဖူးသည်။

ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက်တွင်လည်း တနင်္သာရီ ဝန်ကြီးချုပ်အား တိုင်းကြားထားသည့်ကိစ္စကို ဦးစားပေး ကိုင်တွယ်သွားမည်ဟု အာဏာရပါတီ NLD ဗဟိုက ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ စွမ်းဆောင်ရည် ညံ့ခြင်း၊ ဗြောင်ကျကျ အဂတိလိုက်စားခြင်း၊ လုပ်ပိုင် ခွင့်အာဏာကို အလွန်အကျွံ အသုံးပြုကာ မိမိနှင့် ဆွေမျိုးတော်သူ၊ နီးစပ်သူများကို လုပ်ပိုင်ခွင့်ချထား ပေးခြင်း၊ လျှပ်စစ်စာချုပ်တွင် ကွက်လပ်များဖြင့် ချုပ်ဆိုထားခြင်း စသည်တို့ကို စုံစမ်းစစ်ဆေးအရေး ယူပေးရန် ထားဝယ်ခရိုင်ဒေသခံ ၄၅ ဦးက ပါတီသို့ တိုင်ကြားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ်၏ ညွှန်ကြား ထားချက်ကို မလိုက်နာဘဲ မိမိတို့၏ ဆွေနီးမျိုးစပ်များကို  ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားခြင်း၊ ကိုယ်ရေးအရာရှိ၏ခင်ပွန်း ပါဝင်နေသော ကုမ္ပဏီအား လုပ်ငန်းကြီးများ ချထားပေးသည့်ကိစ္စများကို စစ်ဆေးအရေးယူပေးစေလိုကြောင်း ဇန်နဝါရီလ ၂၄ ရက်တွင်ပေးပို့ခဲ့သည့် ယင်းတိုင်ကြားစာတွင် ပါဝင်ခဲ့သည်။

ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ ဘယ်သူလဲ

ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က သူ၏ကိုယ်ရေး အရာရှိကို ထွေအုပ်မှ ဦးဇော်လင်းအောင်အား ခန့်ထား ကြောင်း ဧရာဝတီ သတင်းဌာနသို့ ဇန်နဝါရီ ၂၄ ရက်က ဖြေဆိုထားသည်။

တနင်္သာရီအပတ်စဉ်မှ ရရှိထားသည့် အချက်အလက်အထောက်ထားများအရ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ကိုယ်ရေးအရာရှိများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် တိုင်းအစိုးရအဖွဲ့ ရုံးအမိန့်ဖြင့် ခန့်အပ်ခဲ့ရာ ဒေါ်ပွင့်ဖြူဖြူအောင်သည် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအဖြစ် ပါဝင်နေသည်။ ယင်းအမိန့်စာအား လွှမ်းမိုးပယ်ဖျက်သည့်စာ ယခုအချိန်ထိ မထွက်သေးကြောင်း တနင်္သာရီအပတ်စဉ်၏ ခိုင်မာသည့် သတင်းအရင်းအမြစ်များက ပြောကြသည်။

“(နောက်ထပ်လွှမ်းမိုးတဲ့စာ)မထွက်ပါဘူး၊ ဒါပဲလေ၊ ဒါအတည်ပဲ”ဟု သတင်းအရင်းအမြစ်တစ် ဦးက ပြောသည်။

ဝန်ကြီးချုပ်ကမူ ဒေါ်ပွင့်ဖြူဖြူအောင်နှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနသို့ အောက်ပါအတိုင်း ဖြေဆိုထားသည်။

“ခန့်ထားတာ မဟုတ်တာတော့ မဟုတ်ဘူး။ ခန့်ထားတယ်လို့လည်း မဟုတ်ဘူး။ ဒါပေမယ့် ဝန်ကြီးချုပ် အခန်းထဲကို တစ်ခါတလေ ဝင်ထွက်သွားလာပြီး လိုအပ်တဲ့အလုပ်ကလေးတွေ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်လေးတွေတော့ လုပ်ပေးနေပါတယ်။ သူကတော့ ကူညီနေတာပေါ့”ဟု ဝန်ကြီးချုပ်က ဖြေဆိုထားသည်။

ဒေါ်ပွင့်ဖြူဖြူအောင်သည် တိုင်းအစိုးရအဖွဲ့ရုံးတွင် ပုံမှန်ရုံးထိုင်လေ့ရှိပြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံလိုသူများ က သူမအား သတင်းပို့ရကြောင်း ဝန်ကြီးချုပ်ရုံးခန်းသို့ ဝင်ထွက်ဖူးသူအချို့က ပြောသည်။ တနင်္သာရီအပတ်စဉ်နှင့်တကွ သတင်းဌာနအချို့မှ သတင်းသမားများသည်လည်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံမေးမြန်းလိုလျှင် ဒေါ်ပွင့်ဖြူဖြူအောင်အား သတင်းပို့ရလေ့ရှိသည်။ တစ်ခါတရံ ဝန်ကြီးချုပ်အား မေးမြန်းသည့်မေးခွန်းများကို ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိအဖြစ် ဝန်ကြီးချုပ်ကိုယ်စား မီဒီယာသို့ ပြန်လည် ဖြေဆိုလေ့ရှိသည်။ ဦးဇော်လင်းအောင်အားလည်း ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ရလေ့ရှိသည်။

ဒေါ်ပွင့်ဖြူဖြူအောင် ဘယ်သူလဲ

တနင်္သာရီတိုင်းဝန်ကြီးချုပ် နှင့် ဒေါ်ပွင့်ဖြူဖြူအောင် တိုကို အတူတွေ့ရစဉ်။ ဓာတ်ပုံ – တနင်္သာရီတိုင်းအစိုးရအဖွဲ့ website

ဒေါ်ပွင့်ဖြူဖြူအောင်သည် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်း၏ တူမ ဖြစ်သည်။ ဦးထွန်းမင်း၏ အစ်ကို၊ ဒေါ်ပွင့်ဖြူဖြူအောင် ၏ ဖခင်မှာ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ တနင်္သာရီတိုင်း NLD ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်စိုး ဖြစ်သည်။

ဦးအောင်စိုးသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကတည်းက လောင်းလုံးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်တို့နှင့် နီးကပ်သူအဖြစ် လူသိများသည်။

ဦးအောင်စိုးသည် လက်ရှိတွင် သရက်ချောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသည်။

ဦးအောင်စိုး၏ ခယ်မတော်စပ်သူ ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ်စဖြစ်ချိန်မှ ယခုအပတ်ရုံးဖွင့် ရက်အထိ ဒေါ်ပွင့်ဖြူဖြူအောင်ကို တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့မြင်နေရသည်။

NLD အစိုးရ စတက်သည့် ၂၀၁၆ ခုနှစ်၏ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ကိုယ်ရေးအရာရှိခန့်အပ်ခြင်းကိစ္စ ညွှန်ကြားချက်တွင် “ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များသည် မိမိတို့၏ ဇနီး၊ ခင်ပွန်း၊ ဆွေနီးမျိုး စပ်သူများကို ဌာနဆိုင်ရာအဖွဲ့အစည်းများတွင် ကိုယ်ရေးအရာရှိ ရာထူးတာဝန်များ ခန့်အပ်ခြင်း မပြုရ။ (ဆွေနီးမျိုးစပ်ဆိုသည်မှာ မိမိတို့၏ ညီအစ်ကို မောင်နှမ၊ သားသမီး၊ သမက်၊ ချွေးမ၊ တူ၊ တူမနှင့် မြေး၊ မြစ်တို့ကို ဆိုလိုပါသည်)”ဟု ဖော်ပြပါရှိသည်။

ထိုစာကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်မှတ်ရေးထိုးထားသည်။

ယင်းညွှန်ကြားချက်မှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်လည်း အကျုံးဝင်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ယက် ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

“ဝန်ကြီးချုပ်ပီအေ(ကိုယ်ရေးအရာရှိ)လည်း အကျုံးဝင်ပါတယ်။ သူတို့ဆို ပိုလို့တောင် သတိထားရမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ဒေါ်ပွင့်ဖြူဖြူအောင်၏ခင်ပွန်းက ဘာလုပ်သလဲ

ဒေါ်ပွင့်ဖြူဖြူအောင်၏ ခင်ပွန်း ဦးနေမျိုးအောင် နှင့်အတူ တွေ့ရစဉ်။ ဓါတ်ပုံ – Pwint Pwint ၏ facebook

ဝန်ကြီးချုပ် တိုင်ကြားခံထားရသည့်စာတွင် ဒေါ်ပွင့်ဖြူဖြူအောင်၏ခင်ပွန်း ဦးနေမျိုးအောင်သည် GGS ကုမ္ပဏီတွင် တာဝန်ခံဖြစ်နေသည့်ကိစ္စလည်း ပါဝင်သည်။

ဒေါက်တာလဲ့လဲ့မော်အစိုးရအဖွဲ့ စတက်လာပြီး တစ်နှစ်မပြည့်ခင်တွင် တနင်္သာရီတိုင်းအတွင်း GGS ကုမ္ပဏီ စရောက်လာသည်။ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ခွင့်၊ တိုင်းအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ(အချို့လုပ်ငန်းများ တင်ဒါမခေါ်ဘဲပေး) လုပ်ကိုင်ခွင့် ရရှိထားသည်။ ယင်းအပြင် သရက်ချောင်း ငါးလေလံဈေး အကောင်အထည်ဖော်ရန်ကြိုးစား နေသည်။ နောက်ပိုင်းတွင် ထားဝယ်ခရိုင် လျှပ်စစ် ဖြန့်ဖြူးခွင့်ကိုပါ တင်ဒါမပြိုင်ရဘဲ ရရှိထားသည်။

ထို  GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏ သားမက် ဒေါ်ပွင့်ဖြူဖြူအောင်၏ ခင်ပွန်း ဦးနေမျိုးအောင် ပါဝင်သည်။

တိုင်းလွှတ်တော်တွင် ကျင်းပခဲ့သည့် ထားဝယ်ခရိုင် လျှပ်စစ်ကိစ္စ ကြားနာပွဲတွင် ဦးနေမျိုးအောင်က GGS ကုမ္ပဏီ၏ တာဝန်ခံအဖြစ်လည်းကောင်း၊ ငါးလေလံဈေးကိစ္စ ကြားနာပွဲတွင် မန်နေဂျာအဖြစ် လည်းကောင်း တက်ရောက်ခဲ့သည်။

ထိုကုမ္ပဏီသည် ပြည်ထောင်စုသို့ ဂက်စ်ဖိုး အကြွေး ၈ ဘီလီယံကျော်ကို မပေးသွင်းသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းထုတ်ခံထားရသည့် ကုမ္ပဏီဖြစ်သည်။ ထို့အပြင် လျှပ်စစ်လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း မပေးသွင်းသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည့် ကုမ္ပဏီ ဖြစ်သည်။

တိုင်းအစိုးရနှင့် GGS တို့၏ ကွက်လပ်စာချုပ်

တိုင်ကြားချက်တွင် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို စစ်ဆေးအရေးယူပေးရန် တောင်းဆိုမှုလည်းပါသည်။

တနင်္သာရီတိုင်းလွှတ်တော် လျှပ်စစ်ကြားနားပွဲသို့ GGS တာဝန်ရှိသူအဖြစ် တက်ရောက်လာသည့် ဦးနေမျိုးအောင် ကိုတွေ့ရစဉ်။ ဓါတ်ပုံ – Dawei Watch

တိုင်းအစိုးရအဖွဲ့နှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက် ရက်စွဲဖြင့် ချုပ်ဆိုထားသော လျှပ်စစ်ထုတ် လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် စာချုပ်သက်တမ်း၊ လုပ်ငန်းစတင်မည့်ရက်၊ ဓာတ်အား ထုတ်လုပ်ပေးမည့်ရက် စသည့်အရေးပါသော အချက်အလက်များနေရာတွင် ကွက်လပ်များ ဖြစ်နေသည်။

တိုင်းအစိုးအဖွဲ့တာဝန်ရှိသူများနှင့် GGS ကုမ္ပဏီ တာဝန်ရှိသူတို့ တစ်ရွက်ချင်းစီတွင် လက်မှတ် ရေးထိုးထားသော ထိုစာချုပ်ကို ၀န်ကြီးချုပ်ကိုယ်တိုင် ၂၀၁၇ ဇူလိုင်လတွင် ကျင်းပခဲ့သော ထားဝယ်ခရိုင် လျှပ်စစ်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင်  မီဒီယာများအားပေးကာ ဓာတ်ပုံရိုက်ခွင့် ပြုခဲ့သည်။

စာချုပ်တွင် ကွက်လပ်များပါဝင်နေသည်မှာ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ထုတ်ပြန်စဉ်က စာချုပ်မှာ အကြမ်းသာရှိသေးပြီး စာချုပ်ထုတ်ပြချိန်တွင် လုပ်ငန်းများ ဆောက်လုပ်နေဆဲအချိန် ဖြစ်ပြီး အချက်အလက်များ မတည်ငြိမ်သေးသည့်အတွက် အကြမ်းသဘောမျိုး ချုပ်ထားသည့် အဆင့်တွင် သာရှိသေးသည့်အချိန်ဖြစ်ကာ လက်ရှိတွင် ကွက်လပ်များဖြည့်ပြီးသည့် စာချုပ်အချောရှိကြောင်း ၀န်ကြီး ဦးကြည်လှိုင်က ပြောဆိုထားသည်။

လုပ်ငန်း စတင်မည့်ရက်စွဲ အပါအဝင် အခြားအချက်အလက်များ ကွက်လပ်ဖြစ်နေသည့်စာချုပ်သည် စာချုပ်အင်္ဂါရပ် မညီညွတ်သဖြင့် ပဋိညာဉ် မမြောက်နိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ယက် ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

“(ကွက်လပ်စာချုပ်မှာ ပြန်ဖြည့်တာ)မရဘူး၊ ထပ်မံဖြည့်စွက်လို့ မရဘူး။ အကြမ်းလို့ ပြောပြီးမှ လက်မှတ်တွေ ထိုးကြတယ်။ နောက်မှ တနည်းအားဖြင့် ဖြည့်စွက်ဖန်တီးတဲ့ စာချုပ်လို့ အများကပြောမှာပဲ၊ ဖန်တီးဆောင်ရွက်တာကို မလုပ်သင့်ဘူး၊ ဥပဒေနဲ့ မညီဘူးပေါ့နော်”ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ထိုသို့သော စာချုပ်မျိုးကြောင့် နစ်နာသည်ဟု ယူဆပါက မည်သူမဆို နိုင်ငံတော်သမ်္မတကဲ့သို့သော ပြည်ထောင်စုအဖွဲ့အစည်းများထံ တိုင်ကြားအရေးဆိုနိုင်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

သိန်း ၄၀၀၀ တန် ချုံရှင်းခနှင့် ဝန်ကြီးချုပ်၏ သား

အထက်ပါ တိုင်စာတွင် ထားဝယ် လေယာဉ်ကွင်းအား တိုင်းအစိုးရက ကျပ်သိန်း လေးထောင်ဖြင့် ချုံခုတ်ထွင်ရှင်းလင်းစေခဲ့သည့်ကိစ္စလည်း ပါဝင် နေသည်။

ချုံရှင်းခွင့် ရခဲ့သည့် ဦးဆန်နီပိုင် (F 22)ကုမ္ပဏီတွင် ဝန်ကြီးချုပ်၏ သားဖြစ်သူ ဦးသန့်ထွေးမော်မှ နာမည်တစ်လုံးဖြင့် ရှယ်ယာဝင်လုပ်ကိုင်ခဲ့ကြောင်း တိုင်စာတွင် ဖော်ပြထားသည်။

တနင်္သာရီအပတ်စဉ်မှ ရရှိထားသည့် အချက်အလက်အထောက်ထားများအရ ထားဝယ်မြို့ လေယာဉ်ကွင်းအတွင်းအပြင် သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းကို ကျပ်သိန်းလေးထောင်တိတိ ဖြင့် တိုင်းအစိုးရအဖွဲ့က ဦးဇံသီး(ခ)ဦးဆန်နီ F 22 Sunny Construction Co.,Ltd ကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။ လုပ်ငန်းစာချုပ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ချုပ်ဆိုခဲ့သည်။

Google Earth တွင် တိုင်းတာချက်အရ ယင်းဧရိယာ ဧက ၃၀၀ ၀န်းကျင်တွင် ချုံနွယ်မပေါက်နိုင်သည့် လေယာဉ် ပြေးလမ်း၊ ချဉ်းကပ်လမ်း၊ လေယာဉ် ရပ်နားသည့်နေရာ၊ လေဆိပ်အဆောက်အအုံစသဖြင့် နေရာများ၏ စုစုပေါင်းဧရိယာမှာ ဧက ၅၀ ၀န်းကျင် ပါဝင်သည်။

ယင်းကြောင့် လေယာဉ်ကွင်းဧရိယာအတွင်း ချုံနွယ်ရှင်းရမည့် ဧရိယာမှာ ဧက ၂၅၀ ၀န်းကျင်သာ ရှိသည်။

အကယ်၍ သစ်ပင်ချုံနွယ် ရှင်းလင်းရမည့် လေယာဉ်ကွင်းဧရိယာမှာ ဧက ၂၅၀ ခန့်ရှိမည် ဆိုပါက  ၁ ဧကလျှင် ချုံနွယ်ရှင်းခ ငွေကျပ် ၁၆ သိန်းဝန်းကျင် ကျသင့်နေသဖြင့် သုံးစွဲခဲ့သည့်ငွေပမာဏမှာ အတော်ပင်များပြားနေသည်ဟု တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းက ဒဿမအကြိမ် တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

ထားဝယ်ခရိုင်အတွင်း ဥယျာဉ်ခြံ၊ ရော်ဘာခြံများတွင် တစ်ဧက ချုံရှင်းခမှာ ခြံတွင်ပေါက်ရောက်နေသည့် ချုံနွယ်၊ သစ်ဝါး အနေအထားအရ ကျပ် ၃ သောင်းမှ ကျပ် ၅ သောင်းကြားသာ ပေါက်ဈေးရှိကြောင်း ခြံရှင်နှင့် ခြံလုပ်သားများထံမှ သိရသည်။

အထက်ပါအချက်များအပြင် တင်ဒါအောင်သည့် ကုမ္ပဏီများတွင် ဝန်ကြီးချုပ်၏သား ဦးသန့်ထွေးမော်က ရှယ်ယာဝင် လုပ်ကိုင်ခြင်း၊ ဒေသခံများ ကျောက်ထုတ်ခွင့်လိုင်စင်ရရန် အချိန်ကြန့်ကြာ လွန်းနေချိန်တွင် သားဖြစ်သူအား ကျောက်ထုတ်လုပ်ငန်း အလွယ်တကူချထားပေးခြင်းတို့မှာလည်း ဝေဖန်စရာ ဖြစ်နေကြောင်း တိုင်စာတွင် ပါရှိသည်။

ဝန်ကြီးချုပ်၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း၊ ပြည်သူအား မျက်နှာမမူခြင်း၊ အာဏာရှင်ဆန်မှုနှင့် ဗြောင်ကျကျ အဂတိ လိုက်စားမှုတို့ကို စုံစမ်းစစ် ဆေးအရေးယူပေးရန် ထားဝယ်ခရိုင်အတွင်းမှ အရပ်ဘက် အဖွဲ့အစည်းကိုယ်စားပြုသူများ အပါအ၀င် မဲဆန္ဒရှင် ၄၅ ဦးတို့က NLD ပါတီဗဟို ကိုယ်စားလှယ်များ တိုင်ကြားစာဌာန ဒေါက်တာမျိုးညွန့်ထံသို့လိပ်မူ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

“လက်ရှိအနေအထားမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေက တောက်လျှောက် ဖြစ်နေတယ်၊ ဒီလောက် ထင်ပေါ်ကျော်ဇောနေတာအရေးယူ စစ်ဆေးမှုလည်း မရှိဘူး၊ ဒါကြောင့် တိုင်တာ။ စုံစမ်း စစ်ဆေးအရေးယူပေးဖို့ မျှော်လင့်တယ်”ဟု ဦးဆောင်တိုင်ကြားရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

NLD ပါတီဗဟို၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါက်တာမျိုးညွန့်ကလည်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အမှုကို ဦးစားပေးစစ်ဆေးသွား မည်ဖြစ်ကြောင်း ပြောဆိုလာသည်။

လက်ရှိအချိန်တွင်လည်း တိုင်ကြားသူများထံ ပါတီမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများ စတင်ပြုလုပ် နေပြီဖြစ်ကြောင်း တိုင်ကြားထားသူများထံမှ သိရသည်။

“သူတို့ကို ခေါ်ပြီး ရှေ့နေအဖွဲ့တွေနဲ့ မေးတော့မှာ တရားဝင် စပြီးတော့။ ရက်ကိုတော့ မပြောနိုင်(သေး)ပါဘူး။ ပေါ်ပေါက်တဲ့အတိုင်းတော့ တိတိကျကျ ဆက်လက်လုပ်ကိုင်သွားမှာပါ”ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

တိုင်ကြားချက်များကို ပါတီမှ စိစစ်ပြီးပါက အဂတိကော်မရှင်၊ နိုင်ငံတော်သမ္မတ စသည့်အဖွဲ့များထံ လွှဲပြောင်းပေးဖူးသည်များရှိခဲ့ရာ ယခုကိစ္စကိုလည်း စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည် လုပ်ဆောင်သွားမည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

“ပေါ်ပေါက်ချက်အပေါ် မူတည်ပြီးတော့ စဉ်းစားပါ့မယ်။ လောလောဆယ်တော့ ဒါပဲပြောနိုင်ပါတယ်ဟု ၎င်းက ဇန်နဝါရီ ၂၆ ရက်တွင် ပြောသည်။

တနင်္သာရီအပတ်စဉ်က ဇန်န၀ါရီ ၂၆ ရက် တွင် NLD ပါတီ၏ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းအား တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် ပတ်သက်၍ တစ်စုံတရာ စုံစမ်းနေမှု ရှိမရှိ မေးမြန်းရာ လက်ရှိအချိန်တွင် စုံစမ်းမှု ရှိမရှိ ထုတ်မပြောလိုသေးကြောင်း၊ တောင်းပန်ကြောင်း၊ ပြော၍ရချိန် ပြောဆိုမည် ဖြစ်ကြောင်း ဖြေဆိုသည်။

“ပါတီအတွက် မကောင်းဘူးပေါ့ဗျာ၊ လူ ပြောစရာ ဖြစ်တယ်ဆိုတာကိုက မကောင်းဘူးပေါ့၊ မှန်ခြင်း မှားခြင်းက ဒုတိယပဲ။ ဒီလိုအချိန်မှာ ဒီလောက်ထိတောင် ကျော်ကြားပြီး လူပြောစရာ ဖြစ်တာကိုက မကောင်းဘူး”ဟု ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

လာဘ်ပေးလာဘ်ယူမှု၊ အဂတိကိစ္စတို့အား တိကျသည့် အချက်အလက်ဖြင့် သိရှိရပါက ပါတီမှ ခွင့်လွှတ်လေ့ မရှိဘဲ ချက်ချင်း အရေးယူလေ့ရှိကြောင်း ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

“အချက်အလက်နဲ့ သိပြီဆိုရင်တော့ ချက်ချင်း အရေးယူတာ၊ လာဘ်ပေးလာဘ်ယူမှုကို ပါတီက သည်းခံလေ့မရှိဘူး။ NLD အစိုးရက အဂတိကို ဘယ်တော့မှ သည်းမခံဘူး။ အထောက်နဲ့အထားနဲ့ သိရင်တော့ သည်းခံတယ်လို့  တစ်ခါမှ မကြားဖူး ဘူး”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဧရာဝတီ၊ မကွေး၊ ပဲခူး တိုင်းဒေသကြီး ၃ ခုမှ တိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီးအချို့ အစိုးရအဖွဲ့မှ နုတ်ထွက်ခြင်း၊ ပါတီမှ အရေးယူခံရခြင်းများ ဖြစ်ပေါ်ခဲ့ရာ တနင်္သာရီတိုင်းတွင်းလည်း အစိုးရ အဖွဲ့ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သတင်းမီဒီယာ များတွင် ဖော်ပြခြင်း၊ မဲဆန်္ဒရှင်များကြား ပြောဆို ခြင်းတို့ အကျယ်တ၀င့် ဖြစ်ပေါ်ခဲ့သည်။

လျှပ်စစ်ကိစ္စ၊ ခရိုနီဟု သတ်မှတ်ခံထားရသူ များနှင့် ပူးတွဲလွန်းသည့်ကိစ္စ၊ တင်ဒါချထားပေးမှု များ မရှင်းလင်းသည့်ကိစ္စ၊ “အစိုးရ မလုပ်တတ်ပါ ဘူး”၊ “ကံမကောင်းလို့ ၀န်ကြီးချုပ် ဖြစ်လာတာပါ”စသဖြင့် စကားကျွံသည့်ကိစ်္စများကြောင့် ၀န်ကြီးချုပ် နှုတ်ထွက်ရတော့မည်ဟု ပြောဆိုခဲ့ကြခြင်း ဖြစ် သည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး နေသည့် GGS ကုမ္ပဏီကို တင်ဒါပေးချိန်က ပါဝင်ပတ်သက်သည့် တိုင်းဒေသကြီး လွှတ်တာ် ကိုယ်စားလှယ်တစ်ဦးကိုလည်း ၂၀၁၈ ခုနှစ် အတွင်းက စာဖြင့် သတိပေး အရေးယူထားပြီး ထိုသူကို နောက်လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်ပယ်မည်ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် ကို သမ္မတအမိန့်ဖြင့် တာဝန်မှရပ်စဲလိုက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနှင့် လူမှုရေး ဝန်ကြီးဒေါက်တာသင်းလွင် တို့ကို ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကမူ လက်ရှိ အချိန်ထိ ပါတီဗဟိုမှ မည်သည့်အကြောင်းကြားစာမျှ မလာကြောင်း၊ ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ရှင်းစရာမလိုကြောင်း ဇန်န၀ါရီ ၂၄ ရက်က ဧရာဝတီသတင်းဌာနသို့ ဖြေဆိုထားသည်။

“အနားပေးရင်တော့လည်း နားရမှာပေါ့ကွယ်။ တာဝန်ယူထားတဲ့သူက မဟုတ်တာလုပ်လို့ အနားပေးလို့ ရှိရင် နားရမှာပေါ့။ ဒါကတော့ ထုံးစံပဲလေ။ ကိုယ်လုပ်ထားတာ ခိုင်လုံဖို့ လိုတာပေါ့”ဟု ဒေါက်တာလဲ့လဲ့မော်က ဖြေဆိုကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြသည်။

Dawei Watch