ပထမဆုံးအကြိမ် စက်သုံးဆီ အရည်အသွေး စစ်မည်

0
663

တိုင်းအတွင်းရှိ ရောင်းချနေသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီ ခြင်းရှိ မရှိ သိရှိနိုင်ရန် ပထမဆုံးအကြိမ် ဓာတ်ခွဲစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီထံမှ သိရသည်။

ဇန်န၀ါရီလ ၁၉ ရက်က ထားဝယ်ခရိုင်အတွင်းရှိ တရားဝင် စက်သုံးဆီဆိုင် နှစ်ဆိုင်မှ စက်သုံးဆီနမူနာများကို ရယူထားပြီး မြိတ်နှင့် ကော့သောင်းခရိုင်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင်လည်း ရှောင်တခင် နမူနာယူမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူး ဦးသန်းထွေးက ဆိုသည်။

“စက်သုံးဆီတွေ သတ်မှတ်စံချိန် စံညွှန်းနဲ့အညီ ရောင်းချလား မရောင်းချ ဘူးလားဆိုတာ သိချင်တဲ့အတွက် လုပ်တာ” ဟု ဦးသန်းထွေးက ပြောသည်။

စက်သုံးဆီဆိုင်တစ်ဆိုင်လျှင် ဒီဇယ်ဆီ အမျိုးအစားနှစ်မျိုးနှင့် ဓာတ်ဆီ နှစ်မျိုး ရောင်းချလေ့ရှိပြီး နမူနာရယူချိန်တွင် စက်သုံးဆီအမျိုးအစားတစ်ခုလျှင် တစ်ဂါ လံပုံး သုံးပုံးခွဲကာ ရယူလေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ နမူနာစက်သုံးဆီများကို ရန်ကုန်တိုင်း သန်လျင်မြို့ ရေနံချက်စက်ရုံ ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ကာ အရည် အသွေး ပြည့်မီခြင်းရှိ မရှိကို စစ်ဆေးမည် ဖြစ်သည်။

အရည်အသွေးမပြည့်မီသည့် စက်သုံးဆီ ကို အသုံးပြုမိပါက ရေရှည်တွင် ယာဉ်၏ ကြံ့ခိုင်မှုကို ထိခိုက်လာစေနိုင်သည့် အတွက် ယင်းကဲ့သို့ ဓာတ်ခွဲစစ်ဆေးသင့်ကြောင်း အနီးပြေးယာဉ်မောင်းလုပ်ခဲ့ဖူးသည့် ထားဝယ်မြို့နေ ဦးဇော်ဝင်းက ဆိုသည်။

“ဆီအရည်အသွေးမကောင်းရင် တောင်တက်ခရီးတွေဆို အရမ်းသိသာတယ်”ဟု ဦးဇော်ဝင်းက ပြောသည်။

ဓာတ်ခွဲစစ်ဆေးချက်တွင် အရည်အသွေး မပြည့်မီပါက ရောင်းချသည့်ဆိုင်ကို အရေးယူရန် တိုင်းဒေသကြီးဆပ်ကော်မတီ နှင့် ပြည်ထောင်စုရှိ ရေနံနှင့်ရေနံထွက်ပစ်္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီး ကြပ်ရေး ကော်မတီထံ ဆက်လက်တင်ပြ မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဆပ်ကော် မတီ အတွင်းရေးမှူး ဦးသန်းထွေးက ဆို သည်။

အရည်အသွေးမပြည့်ကြောင်း စစ်ဆေး ချက်ရရှိပါက ဥပဒေအရ ပထမအကြိမ် တွင် ကျပ်သိန်းငါးဆယ်ဒဏ်ရိုက်ပြီး ဒုတိယ အကြိမ်စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေ ကျပ် သိန်းတစ်ရာတပ်ရိုက်ကာ ဆိုင်ပိတ် သိမ်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း တရားဝင် စက်သုံးဆီအရောင်းဆိုင် ၂၂ ဆိုင်ရှိကြောင်း မြန်မာ့ရေနံထွက်ပစ်္စည်းရောင်းဝယ်ရေးလုပ်ငန်း တိုင်းရောင်းဝယ်ရေးအရာရှိရုံးထံမှ သိရသည်။

ကိုဇော်