လက်ရှိအစိုးရလက်ထက် တနင်္သာရီတွင် ကျပ်သန်းခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာသန်း နှစ်ဆယ်ကျော် ရင်းနှီးမြှုပ်နှံ

0
807

လက်ရှိ NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း စီးပွားရေးလုပ် ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။

NLD အစိုးရ စတင်တာဝန်ထမ်း ဆောင်သည့် ၂၀၁၆ ခုနှစ် ဧပြီလမှ လက်ရှိ အချိန်ထိ ပြည်တွင်း ပြည်ပကုမ္ပဏီများက  ကျပ်သန်းပေါင်း ၅၈၇၇၀ဒဿမ ၅၂၃ သန်းနှင့် အမေရိကန်ဒေါ်လာ ၂၀ ဒဿမ ၆၇၉ သန်းကို လုပ်ငန်းအမျိုးမျိုးအတွက်  ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်သည်။

ယင်းကာလတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်(MIC)က ပြည်တွင်း ကုမ္ပဏီ ၃ ခုနှင့် နိုင်ငံခြားကုမ္ပဏီ ၂ ခု တို့ကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC)က ပြည်တွင်း ကုမ္ပဏီ ၂၀ ခုနှင့် နိုင်ငံခြားကုမ္ပဏီ ၂ ခု တို့ကို ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီးDICA ရုံး စာရင်းများအရ သိရသည်။

TRICA က ခွင့်ပြုခဲ့သည့် လုပ်ငန်း အများစုမှ  ဟိုတယ်လုပ်ငန်းများဖြစ်ကြောင်း DICA  ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

အမေရိကန်ဒေါ်လာ ၅ သန်း(သို့ မဟုတ်)ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုနိုင်သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRICA)ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်က ဖွဲ့စည်းခဲ့သည်။

TRICA အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဖြေလျှော့မှုများ လုပ်ကာ ဖိတ်ခေါ်နေသော်လည်း တွဲဖက် လုပ်ဆောင် ရသည့် ဌာနဆိုင်ရာများထံတွင် ကြန့်ကြာခက်ခဲနေမှုများ ၊ ဌာနအချင်းချင်း ချိတ်ဆက်မှုအားနည်းနေခြင်းများက အဟန့်အတား ဖြစ်စေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

“အဲဒါကို ပြုပြင်နိုင်ခဲ့ရင် ရင်းနှီး မြှုပ်နှံမှုလာဖို့အတွက် အဓိကတံခါးမကြီး ပွင့်ပြီလို့ မြင်တယ်” ဟု ဦးရဲထွဋ်နိုင်က ပြော သည်။

TRICA တွင် ရင်းနှီးမြှုပ်နှံရန် အတည် ပြုမိန့်ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာရီ နှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံပါက ၀င်ငွေခွန်ကင်းလွတ် ခွင့်ကို ၇ နှစ် သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဒေသ အဖြစ် သတ်မှတ်ထားသည့် ထားဝယ်မြို့ နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ၀င်ငွေခွန် ကင်းလွတ်ခွင့်ကို ၅ နှစ် သတ်မှတ်ထားသည်။

 

ကိုဇော်