တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့်ရက် ရွှေ့

0
559

တနင်္သာရီဂျာနယ်တွင် သရော်စာရေးသား ဖော်ပြမှုကြောင့် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှု အပြီးသတ် အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းလိုက်သည်။

ယင်းအမှုကို ဇန်န၀ါရီလ ၂၄ ရက် တွင် အမိန့်ချမည်ဟု ချိန်းဆိုထားသော်လည်း ထားဝယ်မြို့နယ်တရားသူကြီးက နေပြည်တော် အစည်းအဝေးသို့တက် ရောက်နေသည့်အတွက် ရက်ရွှေ့လိုက် ကြောင်း တနင်္သာရီဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

“လာမယ့် ဖေဖော်ဝါရီလ ၇ ရက်ကို ပြန်ချိန်းလိုက်တယ်”ဟု ဦးမျိုးအောင်က ပြောသည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟု ဆိုကာ အရေးယူပေးရန်အတွက် တိုင်းအစိုးရ အဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ၌ တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။

အမိန့်ချမည့် မြို့နယ်တရားသူကြီး ဦးကျော်မြင့်မှာ နေပြည်တော်တွင် ပြုလုပ်သည့် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးတက် ရောက်နေကြောင်း ထားဝယ်မြို့နယ်တရားရုံး ထံမှသိရသည်။

မဲဆွယ်အပြုံး သရော်စာရေးသား ဖော်ပြမှုကြောင့် တနင်္သာရီဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်ကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ထားသည်။

အဆိုပါ ဥပဒေအရ တရားရုံးက အပြစ်ရှိကြောင်း အမိန့်ချမှတ်မည်ဆိုပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည် ဖြစ် သည်။

အမှုတွင် တရားလိုတိုင်းအစိုးရ ဘက်မှ တရားလိုပြသက်သေ ၂ ဦးနှင့် တနင်္သာရီဂျာနယ်ဘက်မှ တရားခံပြ သက်သေ ၆ ဦးကို စစ်ဆေးခဲ့သည်။

တိုင်းအစိုးရဘက်မှ တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီး၏ ယာဉ်မောင်းတစ်ဦးနှင့် လက်ရှိအာဏာရ NLD ပါတီတွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးတို့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုထားသည်။

တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်၊ သရော်စာဆရာ ဗြိတိသျှကိုကိုမောင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ၊ စာဖတ်ပရိသတ်များ စုစုပေါင်း ၆ ဦးက တရားခံပြ သက်သေအဖြစ် ထွက်ဆိုထားသည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာ ဖြစ်ပြီး ယင်း တရားစွဲဆိုမှုမှာ တနင်္သာရီတိုင်းအတွင်း NLD အစိုးရလက်ထက် မီဒီယာကို ပထမဆုံး တရားစွဲဆိုမှု ဖြစ်သည်။

 

ကိုဇော်