မြန်မာဘာသာဖြင့် အညွှန်းအမှတ်အသား မဖြစ်မနေဖော်ပြရမည့် ကုန်ပစ္စည်းစာရင်း ထုတ်ပြန်

0
577

မြန်မာဘာသာဖြင့် မဖြစ်မနေထည့် သွင်းဖော်ပြရမည့် ကုန်ပစ္စည်းစာရင်းကို မြန်မာနိုင်ငံ စားသုံးသူအကာအကွယ်ပေးရေးကော်မတီက ဇန်န၀ါရီလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ ဘေးထွက် ဆိုးကျိုးများကို  မြန်မာဘာသာဖြင့် မဖြစ် မနေထည့်သွင်းဖော်ပြရမည့် ကုန်ပစ္စည်းအမျိုး အစားအလိုက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အချိုရည်နှင့် ယိုမျိုးစုံ၊ နို့နှင့် နို့ထွက် ပစ္စည်း၊ အသင့်ဖျော်ကော်ဖီ လက်ဖက်ရည်ထုပ်များ၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ အစရှိသည့် စားသောက်ကုန်များတွင် သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင် သတိပေးချက်ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည် ဖြစ်သည်။

ဆေးလိပ်အမျိုးမျိုး၊ ယမကာအမျိုးမျိုးတွင် သုံးစွဲပုံအညွှန်း၊ ဘေးထွက်ဆိုးကျိုးကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းရန် မလိုသော်လည်းထားသို သိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်ကိုမူ ထည့်သွင်းဖော်ပြရမည်ဟု ဖော်ပြထားသည်။

ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ်္စည်းများ၊ လုပ်ငန်းသုံးပစ္စည်း ကိရိယာများတွင်မူ အချက်လေးချက် စလုံးကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရမည် ဖြစ်သည်။

ကုန်ပစ္စည်းအမျိုးအမည်အလိုက် သတ်မှတ်ထားသည့် အချက်များကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဟု ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က အမိန့် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

အဆိုပါ အမိန့်ညွှန်ကြားချက်တွင် အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ ဓာတုဗေဒပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည်ဟုသာ အကြမ်းဖျင်း  ဖော်ပြထားသည်။

၂၀၁၈ အောက်တိုဘာလတွင် ကြေညာချက်ထုတ်ပြန်ခဲ့ချိန်မှစ၍ ခြောက်လ ပြည့်ချိန်တွင် အမိန့်စတင်အသက်ဝင် မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက စားသုံးသူ အကာအကွယ်ပေးရေးဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

“အရင်က ခြုံငုံပြီး ထုတ်ပြန်တာကို လုပ်ငန်းရှင်တွေသိအောင် ဟောပြောအသိ ပေးတာတွေ လုပ်ပြီးပြီ၊ အခုထုတ်ပြန်တာကိုလည်း ထပ်ပြောဖို့ရှိတယ်”ဟု စားသုံး သူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက  ပြောသည်။

မြန်မာဘာသာဖြင့် ဖော်ပြခြင်းမရှိပါက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ လုပ်ငန်းရှင်အား သတိပေး ခြင်း၊ ပြင်းထန်စွာ သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ အငြင်းပွားကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်သိမ်းဆည်းစေခြင်း၊ လုပ်ငန်းလိုင်စင် ယာယီပိတ်ခြင်း၊ အမြဲပိတ်သိမ်းခြင်းအစရှိသည့် အရေးယူမှုများ လုပ်ဆောင်နိုင်သည်။

 

ကိုဇော်