ဂွတ်ရှယ်နှင့် မိုးဆန်း အမှတ်တံဆိပ်ပါ ငရုတ်ဆီနှစ်မျိုး ဈေးကွက်အတွင်းမှ သိမ်းဆည်းမည်

0
633

ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန် မသင့်သည့် ဂွတ်ရှယ်နှင့် မိုးဆန်း အမှတ်တံဆိပ်ပါ ငရုတ်ဆီနှစ်မျိုးကို ဈေးကွက်အတွင်းမှ သိမ်းဆည်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

အထက်ပါ ငရုတ်ဆီနှစ်မျိုးကို ဈေးကွက်အတွင်း ရှာဖွေသိမ်းဆည်းရန် ဇန်န၀ါရီ လ ၇ ရက်က သက်ဆိုင်ရာ ခရိုင်ကော်မတီ များသို့ ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ဓာတ်ခွဲစစ်ဆေးချက်အရ ဂွတ်ရှယ် အမှတ်တံဆိပ် ငရုတ်ဆီတွင် အစားအသောက် တာရှည်ခံဓာတုပစ္စည်း (Sodium Benzoate) သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူးက ပြောသည်။

ယင်းဓာတုဆိုးဆေးကို သတ်မှတ် ပမာဏထက် များပြားစွာ စားသုံးမိပါက အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပြီး သတ်မှတ်ပမာဏထက် အနည်းငယ် ပိုမိုသည့် အစားအစာကို စားသုံးမိပါက မျက်လုံးနှင့် အရေပြားယားယံခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ယောင်ရမ်းကာ ၀မ်းပျက် ၀မ်းလျှောဖြစ်နိုင်ကြောင်း ကော်မတီအတွင်းရေးမှူးက ရှင်းပြသည်။

မိုးဆန်း အမှတ်တံဆိပ် ငရုတ်ဆီတွင် စားသုံးရန် ခွင့်မပြုဓာတုဆိုးဆေး (Orange II) ပါဝင်နေပြီး စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်း မှိုင်းခြင်း အစရှိသည့် လတ်တလောဆိုး ကျိုးများဖြစ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါပါ ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆို သည်။

ဈေးကွက်အတွင်း အဆိုပါ ငရုတ်ဆီ နှစ်မျိုးကို တွေ့ရှိပါက သိမ်းဆည်းမည်ဖြစ်ပြီး ခံဝန်ထိုးစေမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူးက ပြောသည်။

“နောက်တစ်ကြိမ်ထပ်တွေ့ရင် ကော်မတီကို တင်ပြပြီး အမျိုးသားအစား အသောက် ဥပဒေနဲ့ အရေးယူမယ်”ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေဖြင့် အရေးယူခြင်းခံရပါ က ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် သုံးသိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

စားသုံးရန်မသင့်သည့် စားသောက် ကုန်ရောင်းချသူများကို ခံဝန်ထိုးစေသည့် နည်းလမ်းဖြင့် လုပ်ဆောင်ခြင်းထက် ထိရောက်မည့် အခြားနည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ အသက်၂၅ နှစ်အရွယ်ရှိ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက ဆို သည်။

“အန္တရာယ်လည်း များတယ်။ ပြည်သူ တွေကလည်း ရှိနေရင်တော့ လွယ်လင့် တကူ သုံးနေကြမှာပဲ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တိုင်းအတွင်း စားသုံးရန်မသင့်သည့် အစားအသောက်များ မကြာခဏ စစ်ဆေး တွေ့ရှိလျက်ရှိသည်။

 

ကိုဇော်