တောကြက်ထောင်သူကို တောကြက် ဟုထင်ကာ တူမီးသေနတ်ဖြင့် ပစ်

0
1068

ကံပေါက်ဒေသေတွင် တောကြက် ထောင်ဖမ်းသူကို တောကြက်ဟုထင်ကာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဇန်န၀ါရီလ ၂၄ ရက်က ဖောင်းတော ကျေးရွာအုပ်စုရှိ ပိုက်တဲလေးကျေးရွာနေ အသက် ၄၈နှစ်အရွယ်ရှိ အမျိုးသားနှင့် သားဖြစ်သူတို့သည် ရွာမှ သုံးမိုင်ခန့် အကွာရှိ တောင်ပေါ်တွင် တောကြက် ထောင်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

တောကြက်ထောင်ပြီးနောက် အနီးရှိ ချုံအတွင်းမှ စောင့်နေစဉ် တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသား ရင်ဘတ်တွင် ဒဏ်ရာ တစ်ချက်၊ လက်မောင်း တွင် ဒဏ်ရာနှစ်ချက် ရရှိခဲ့ပြီး စိုးရိမ်ရသည့် အနေအထားတွင်ရှိကြောင်း ရဲမှတ်တမ်း အရ သိရသည်။

သေနတ်ဖြင့် မည်သူပစ်ခတ်ကြောင်း အော်မေးရာ တစ်ရွာတည်းနေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး တူမီးသေနတ် ကိုင်ကာ ပြေးထွက်လာပြီး ချုံအတွင်းမှ အမျိုးသားကို တောကြက် အထင်ဖြင့် ပစ်ခတ်မိသည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသည့် အမျိုးသားကို ကံပေါက်တိုက်နယ်ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

တူမီးသေနတ်ဖြင့် ပစ်ခတ်သည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ – ၃၃၈ (အပြင်းအထန်နာကျင်စေမှု)၊ လက်နက် ဥပဒေပုဒ်မ – ၁၉(စ) ဖြင့် ကံပေါက်နယ် မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ကိုဇော်