မြိတ်အဝေးပြေးကားဝင်းအနီး မုဒိမ်းကျင့် လူသတ်မှုဖြစ်

0
2066

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာရှိ အဝေးပြေးကားဝင်းအနီး၌ မုဒိမ်းကျင့် လူသတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ကာယကံရှင် မိသားစုနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။

ဇန်န၀ါရီ ၁၉ ရက်၊ ည ၁၂ နာရီခွဲ အချိန် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် အဝေးပြေးကားဝင်း နံဘေးရှိ ရွှေပြည်တန် လမ်းမကြီး၌ အထုပ်တစ်ထုပ် သယ်ဆောင်လာသည့် ဘေးတွဲဆိုင်ကယ်အား မသင်္ကာ၍ စစ်ဆေးရာ ယင်းအထုပ်မှာ အလောင်းတစ်လောင်းဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။

မြိတ်မြို့ ဇေယျာသီရိ ၁  ရပ်ကွက်နေ ဘေးတွဲမောင်းသူ ကိုသန်းထိုက်ဦး(ခ)ကိုပါပူး (အသက် ၂၈ နှစ်)သည် တစ်ရပ်ကွက် တည်းနေသူ မမိုးသွယ်အေး အသက် ၂၈ နှစ်(စိတ်ရောဂါဝေဒနာ အနည်းငယ်ရှိသူ)အား အဝေးပြေးကားဝင်းဖက်သို့ ခေါ်ဆောင်ခဲ့ပြီး မုဒိမ်းကျင့်ကာ လူသတ်မှု ကျူးလွန်းခဲ့ကြောင်း အထက်ပါ ရဲစခန်း မှတ်တမ်းအရ သိရသည်။

သေဆုံးသူ မမိုးသွယ်အေးသည် ည ၇ နာရီခွဲအချိန်က လက်ဖက်သုပ်ထွက်ဝယ်မည်ဟု ပြောကာ ထွက်သွားပြီး ည ၁၀ နာရီ အချိန်ထိ ပြန်မရောက်လာသောကြောင့် ရပ်ကွက်အတွင်း လိုက်လံရှာဖွေရာ ကိုပါပူး နှင့် လိုက်သွားသည်ဟု စုံစမ်းသိရှိရကြောင်း သေဆုံးသူ၏ ညီမဖြစ်သူက ပြောသည်။

ထို့ကြောင့် ကိုပါပူးနေအိမ်သို့ သွားမေးရာ ၎င်း၏ အမေက သူ့သားခေါ်သွား လျှင်လည်း စိတ်မပူရန် အိမ်ပြန်ရောက်လာလျှင် အသိပေးပြီး မနက်ကျ မိဘများနှင့် လာရောက် ညှိနှိုင်းပေးမည်ဟု ပြောကာ ပြန်လွှတ်လိုက်ကြောင်း ၎င်းက ပြောသည်။

“ကျွန်မတို့လည်း ဇာတ်ပွဲကတဲ့ နေရာတွေမှာ လိုက်ရှာသေးတယ် မတွေ့ဘူး။ ည ၁ နာခွဲလောက်မှ ရဲစခန်းက လာပြောလို့ ဒီအဖြစ်ဆိုးကို သိလိုက်ရတာ”ဟု ၎င်းက ပြောသည်။ သေဆုံးသူ မမိုးသွယ်အေး၏ လည်ပင်းတွင် ကြိုးဒဏ်ရာများနှင့် မျက်နှာအား ထိုးထားသည့် ဒဏ်ရာများလည်း တွေ့ရှိရကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကိုသန်းထိုက်ဦး(ခ)ကိုပါပူးအား မြိတ်မြို့ မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြစ် အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။

 

                             Dawei Watch