ရခိုင်တွင် အဖမ်းခံရသည့် တနင်္သာရီတိုင်းမှ ရေလုပ်သားများ ပြန်လွတ်၊ လှေများ ထိန်းသိမ်းခံထားရဆဲ

0
504

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်တွင် အချုပ်သားအဖြစ် အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရသည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှ ကမ်းနီးရေလုပ်သား ၅၃ ဦး ပြန်လွတ်လာပြီဖြစ်သည်။

၎င်းတို့သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ရခိုင်ပြည်နယ် ငပလီမြို့တွင် ဖမ်းဆီးခံရသော လောင်းလုံးမြို့နယ် မောင်းမကန်၊ ပန်းတင်အင်း၊ ကျောက်ဆင်ရွာများမှ လှေ ၆ စီး၏ ပဲ့နင်း၊ လှေပိုင်ရှင် နှင့် ရေလုပ်သားများ ဖြစ်သည်။

၎င်းတို့အား လိုင်စင်မရှိဘဲ ငါးဖမ်းသဖြင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေဖြင့် တရားစွဲထားရာမှ ဇန်န၀ါရီလ ၁၇ ရက် တွင် တရားရုံးမှ အမှုစီရင်ချက်ချပြီးနောက် ပြန်လည်လွတ်မြောက်လာကြခြင်း ဖြစ်သည်။

ပုဒ်မ ၄၄ ဖြင့် တရားစွဲခံထားသည့် လှေပိုင်ရှင်လည်းဖြစ် ပဲ့နင်း(လှေဦးစီး)လည်း ဖြစ်သော ၂ ဦးကို ထောင်ဒဏ် ၁၅ ရက် နှင့် ဒဏ်ငွေ ၃ သိန်းကျပ်စီ၊ ပုဒ်မ ၄၈ ဖြင့် တရားစွဲခံထားရသော ပဲ့နင်း ၄ ဦးနှင့် လှေသား ၄၇ ဦးကို ထောင်ဒဏ် ၈ ရက်နှင့် ဒဏ်ငွေ ၅ သောင်းကျပ်စီ ကျခံပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း အမှုကိုလိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ လောင်လုံးမြို့နယ် သဘော့ဆိပ်ရွာမှာ ဦးစိုးအောင်က ပြောသည်။

ယင်းရေလုပ်သားတို့၏ ထောင်အချုပ် ကျရက်မှာ ၂၆ ရက်ရှိသဖြင့် ယင်းရက်များ အတွက် ခံစားခွင့်ဖြင့် အမိန့်ချသည့်နေ့ တွင်ပင် ဒဏ်ငွေဆောင်ကာ ပြန်လည်လွတ်မြောက်လာကြကြောင်း ဦးစိုးအောင် က ပြောသည်။

“လှေသားတွေ ရွာကို ပြန်ရောက် လာပါပြီ” ဟု ဦးစိုးအောင်က ပြောသည်။

လှေများကိုမူ ရခိုင်ပြည်နယ် သံတွဲမြို့တွင် ထိန်းသိမ်းထားဆဲဖြစ်သည်။

ထိန်းသိမ်းထားသည့် လှေများသည် တနင်္သာရီတိုင်းတွင် နှစ်စဉ်အခွန်ပေးဆောင် ထားသည့်လှေများ ဖြစ်ကြောင်း တနင်္သာရီ တိုင်းငါးလုပ်ငန်း ဦးစီးဌာနဘက်က တင်ပြထားသည်ဟု သိထားရကြောင်း ဦးစိုးအောင်က ပြောသည်။

လှေပိုင်ရှင်များကမူ လက်ရှိတွင် လှေများကို စောင့်ကြည့်ရန် လှေစောင့်သမားအား ဈေးနှုန်းကြီးမြင့်စွာ ငှားရမ်း ထားရသဖြင့် လှေများ တနင်္သာရီတိုင်းသို့ ပြန်လည်လွဲပြောင်းပေးရန် လိုလားနေ ကြသည်။

လှေပိုင်ရှင်များအနေဖြင့် အမှုရင်ဆိုင်ရသဖြင့် အလုပ်ပျက်သည့်အပြင် ငွေ အကုန်အကျ အလွန်များပြားနေသည့်အတွက် လှေအတွက် ဒဏ်ငွေကို သက်ညှာပေး စေလိုကြောင်း အဖမ်းခံရသည့် လှေများအနက် လှေပိုင်ရှင်တစ်ဦးဖြစ်သည့် မောင်းမကန်ရွာသား ဦးဇော်နီက ပြောသည်။

“လှေပြန်ရလာလို့ လှေပြန်ရောင်း တာတောင်မှ အကြွေးကျေပါ့မလား မသိဘူး”ဟု ဦးဇော်နီက ပြောသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မအချို့သည် လက်ရှိခေတ်နှင့် မလျှော်ညီတော့ဘဲ တနင်္သာရီတိုင်းတွင်း ကမ်းနီးရေ လုပ်သားများအား အချိန်မရွေး ထောင်ထဲပို့ နိုင်သောပုဒ်မများ ဖြစ်နေကြောင်း ရေလုပ်သားများ၊ ရေလုပ်သားအရေး လှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြောဆိုခဲ့သည်မှာ နှစ်ချီ ကြာမြင့်နေပြီဖြစ်သည်။

၂၀၁၈  ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလ အထိ ၄ လအတွင်း  ပုဒ်မ ၄၄ ဖြင့် တရားစွဲခံထားရကာ မြိတ်ထောင်အချုပ်ထဲ ရောက်နေသည့် ရေလုပ်သား ၁၀၆ ဦးထိ ရှိသည်။

ထားဝယ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်းလှေ ၁၈၀၀ ကျော်ရှိပြီး ထိုဥပဒေနှင့် အမိန့်ညွှန်ကြားချက် အကန့်အသတ်များကြောင့် ကမ်းနီးငါးဖမ်းလှေ ၁၀၀၀ ကျော် မှာ ငါးဖမ်းလိုင်စင် မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးဇော်သူရက ပြောဆိုထားသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အား ၀န်ကြီးဌာနမှ ရေးဆွဲနေပြီး သက်ဆိုင်ရာ ဌာနများက ဖြည့်စွက်ဆွေးနွေးမှု ပြုနေဆဲ ဖြစ်ကာ လွှတ်တော်သို့ တင်သွင်းသည့် အဆင့်သို့ ရောက်မလာသေးဘဲ ကြန့်ကြာနေကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ယခုနှစ်ဇန်န၀ါရီလတွင် ပြောဆိုထားသည်။