တနင်္သာရီဝန်ကြီးချုပ်ကို တိုင်သည့်စာ NLD ဗဟိုသို့ ရောက်

0
908
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တိုင်ကြားသည့် စာတစ်စောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုသို့ ရောက်ရှိလာကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
တိုင်ကြားစာကို ဇန်နဝါရီလ ၂၄ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ထိုနေ့ ညနေ ၃ နာရီတွင် ဒေါက်တာမျိုးညွန့်က Dawei Watch သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
ထိုတိုင်စာတွင် သတင်းမီဒီယာများတွင် ဖော်ပြနေသည့် ဝန်ကြီးချုပ်၏ ဆွေမျိုးသားချင်းများ ပါဝင်သည့် ကုမ္ပဏီ၊ ဝန်ကြီးချုပ်နှင့် နီးစပ်သည့် ကုမ္ပဏီများအား တင်ဒါချထားပေးသည့် ကိစ္စများနှင့် ဆွေမျိုးသားချင်းအား ကိုယ်ရေးအရာရှိ ခန့်အပ်သည့်ကိစ္စတို့ကို စုံစမ်းအရေးယူပေးရန် ပါဝင်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
“(တိုင်စာပါ)အကြောင်းအရာတွေကတော့ မီဒီယာမှာ ပါနေတဲ့ အကြောင်းအရာတွေပါပဲ။ တိုင်ကြားမှုကို အထောက်အထား ခိုင်လုံခြင်း ရှိမရှိ၊ တိုင်ကြားတဲ့အကြောင်းအရာ အမျိုးအစားကို ပြန်စစ်ကြည့်ပြီးတော့မှ ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်မှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
တိုင်စာ၏ တိုင်ကြားသူနေရာ၌ တာဝန်သိပြည်သူဟု ရေးထားပြီး တိုင်ကြားသူအား တိုင်စာပါ တယ်လီဖုန်းနံပတ်ဖြင့် ဆက်သွယ် ကာ လိုအပ်သည့်အထောက်အထားများ တောင်းခံခြင်း၊ လိုအပ်ပါက ပါတီရုံးသို့ ခေါ်ယူမေးမြန်းခြင်းတို့ ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။
Dawei Watch