သမီးလေးမွေးထားသည်ဆိုသော်ငြားလည်း

0
756

“ငယ်ငယ်ကသား၊ ကြီးတော့အား”၊ “ငယ်ငယ်ကသမီး၊ ကြီးတော့ထီး”။ ဤသည်ကား မိဘတို့၏ သားသမီးများအပေါ် ထားသော မျှော်လင့်ချက်ကို ဖော်ပြနေသည့် စကားစုများ ဖြစ်သည်။ လက်တွေ့ဘဝတွင် အားဖြစ်ရဲ့လား၊ ထီးဖြစ်ရဲ့လား ဆိုသည်မှာ မပြောသာ။ မှန်းချက်နှင့်နှမ်းထွက်လွဲသည် များလည်း ရှိနေနိုင်သည်။ ထို့ကြောင့်သာလျှင် “ငယ်ငယ်ကသား၊ ကြီးတော့ ကျား”၊ “ငယ်ငယ်ကသမီး၊ ကြီးတော့မီး”ဆိုသည့် စကားရပ်များလည်း ရှိနေခြင်းဖြစ်မည်။
မိဘက အားကိုးအားထားပြုနိုင်ဖို့ အသာထား။ မိဘကို အမျိုးမျိုး ဒုက္ခပေးကြသော သားဆိုးသမီးဆိုးများကို ကျွန်တော် တို့ ပတ်ဝန်းကျင်တွင် မြင်တွေ့နေကြရသည်ပဲ မဟုတ်ပါလား။
သားယောက်ျားလေးလိုချင်သော မိသားစုများရှိသကဲ့သို့၊ သမီးမိန်းကလေး မှလိုချင်သော မိသားစုများလည်း ရှိကြပေသည်။ ယေဘုယအားဖြင့် သားယောက်ျားလေး လိုချင်သော မိသားစုများက ယောက်ျားလေး ဆိုသည်မှာ ဒေါင်ကျကျပြားကျကျ ရသည်။ မိန်းကလေးဆိုသည်က ယောက်ျားလေး လိုမဟုတ်။ သမီးမိန်းကလေး မွေးထားလျှင် မွေးကတည်းက အရွယ်ရောက်သည်အထိ အမြဲတမ်းစိုးရိမ်နေရသည်။ မိသားစု သိက္ခာကျနိုင်သည့်အဖြစ်မျိုး မကြုံရအောင်လည်း ဂရုစိုက်ရသေးသည်။ ယောက်ျားလေးဆိုလျှင် ထိုကိစ္စမျိုးတွေ အတွက် စိတ်မပူရ။ ထောင်အပြင်တန်းမရှိ စသည်ဖြင့် သဘောထားကြသည်။
မိန်းကလေးလိုချင်သော မိဘများမှာမူ သမီးမိန်းကလေးများသာလျှင် မိဘနှင့်အတူနေပြီး မိဘများကို ပြုစုစောင့်ရှောက်ပေး နိုင်သည်ဟု သဘောထားကြသည်။ ယောက်ျားလေးဆိုသည်မှာ အိမ်ထောင်ပြုပြီးလျှင် မိဘတို့ကို လှည့်မကြည့်နိုင် အားတော့ဟု သဘောထားကြသည်။ ယောက်ျားလေးဆိုလျှင် အရက်သေစာ မူးယစ်သောက်စားကြပြီး ပေပေတေတေ နေတတ်သည်။ ယခုခေတ်ဆိုလျှင်သာ၍ ဆိုးသေးသည်။ ဆိုင်ကယ်တစ်စီးနှင့် အပြင်ထွက်သွားလျှင် အိမ်မှာကျန်ခဲ့သူ များက ဘုရားတနေရသည်။ အကောင်း ပကတိအနေအထားဖြင့် အိမ်ကိုပြန် ရောက်လာမှ ဟင်းချနိုင်တော့သည်။ မိန်းကလေးဆိုလျှင် ထိုကိစ်္စမျိုးတွေ အတွက် သိပ်စိတ်မပူရ။ ထို့ကြောင့် သူတို့အနေဖြင့် သမီးမိန်းကလေးကို ပိုလို ချင်ကြသည်ဟု ဆိုကြသည်။
မိဘများ၏ စိတ်ကူးယူဆချက်များမှာ ထိုက်သင့် သလောက်မှန်ကန်မှုရှိသည်ဟု ဆိုနိုင်သည်။ သို့သော် အချက်တစ်ချက် ကိုတော့ ကျွန်တော်ငြင်းချက်ထုတ်ချင်ပါသည်။ သမီးမိန်းကလေးများသာလျှင် မိဘကို ပြုစု စောင့်ရှောက်နိုင်သည် ဆိုသည့်အချက် ဖြစ်သည်။ သားယောက်ျားလေးများလည်း မိဘကို ပြုစုစောင့်ရှောက် ပေးခဲ့သည့် သာဓကများလည်း ရှိပေသည်။ ဘုရား အလောင်းတော် သုဝဏ္ဏသာမ အနေဖြင့် မျက်မမြင် မိဘနှစ်ပါးကို ကျွေးမွေးပြုစု စောင့်ရှောက် အလုပ်အကျွေးပြုပုံကိုအားလုံးက စံနမူနာထားကြရသည် မဟုတ်လား။
ဘုရားရှင်လက်ထက်က မိဘကိုဆွမ်းခံ ကျွေးသည့် ရဟန်းတော်များလည်း ရှိခဲ့ဖူးသည်။ ယခုမျက်မှောက်ကာလတွင် လည်း မဇ္ဈိမဂုဏ်ရည်ဆရာတော် ကဲ့သို့ မိဘကျေးဇူးဆပ်ခွင့်ရသောရဟန်းတော် များသည် မိဘတို့ကိုအနားခေါ် ထားကာ ကြည့်ရှု စောင့်ရှောက်ပေးနေ ကြသည်ပဲ မဟုတ်ပါလား။ အဓိကမှာ သားသမီးဖြစ် သူ၏ စိတ်နေသဘောထား သာဖြစ်သည်။ သားသာလျှင် အားကိုးရသည်၊ သမီးသာ လျှင် အားကိုးရသည်ဟု တရားသေကောက် ယူချက်သည် မှားသည် ဟုဆိုရပါမည်။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ် နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှုဓလေ့ထုံး တမ်းစဉ်လာ မတူသောအခါ ယောက်ျားလေး၊ မိန်းကလေးအပေါ် တန်ဖိုးထားမှု လည်း ကွာခြားပေလိမ့်မည်။ ယေဘုယျ သတ်မှတ်ချက်လည်း ကွဲပြား ကွာခြားသည်။ ထိုအချက်များက သားယောက်ျားလေး လိုချင်သည်။ သမီး မိန်းကလေးလိုချင် သည်ဟူသည့် စိတ်ဆန်္ဒများအပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးသည်။
လက်တွေ့တွင်မူ သားယောက်ျား လေးမွေးထားသော်လည်း မိန်းကလေးဖြစ်ချင် ဖြစ်သွားနိုင်သေးသည်။ တိုးတက်လာ သည့် ဆေးပညာ၏စွမ်းပကားဖြင့် ယောက်ျား လေးအဖြစ်မှ မိန်းကလေးအဖြစ်သို့ ပြောင်းချင် ပြောင်းနိုင်သည်။ မိန်းကလေးမွေးထား သော်လည်း ယောက်ျားလေးဆန်ချင် ဆန်နေနိုင်သည်။ ယောက်ျားလေးမွေး ထားသော်လည်း မိန်းကလေးထက် နွဲ့ချင်နွဲ့ နေနိုင်သည်။ တချို့မှာ ငယ်ငယ်က ကျားကျားလျားလျားရှိသော်လည်း အရွယ်ရောက်မှ နွဲ့နွဲ့နှောင်းနှောင်းလည်း ဖြစ်သွားနိုင်သည်။ မိဘများအားကိုးထိုက်သော သားသမီးမျိုးပိုင်ဆိုင်ဖို့ မိမိတို့၏အတိတ်ကံအကြောင်းတရားနှင့်ဆိုင် သလို၊ လက်တွေ့ဘ၀ ပြုစုပျိုးထောင်ပုံနှင့်လည်း သက်ဆိုင်နေနိုင်သည်။
စာဖတ်သူတို့အနေဖြင့် မိမိတို့တွင် သမီးမိန်းကလေးတစ်ယောက်လောက် မွေးထားပြီးဖြစ်၍ စိတ်ချရပြီ၊ အားကိုးအားထား ပြု၍ရပြီဟု တထစ်ချမသတ်မှတ်ကြစေလိုပါ။ ခေတ်စနစ်၏ရိုက်ခတ်မှုဒဏ် ကြောင့် ကျွန်တော်တို့၏ယဉ်ကျေးမှုဓလေ့ များသည်လည်း ချည့်နဲ့ယိမ်းယိုင်၍နေ ပေပြီ။ အရာရာတိုင်းတွင် ယောက်ျားနှင့် မိန်းမ ရင်ပေါင်တန်းချင်နေကြပြီ ဖြစ်သည်။ ယခုခေတ် လူငယ်များ၏၀တ်စားဆင်ယင် ပုံမှာ တစ်ခါတစ်ရံ ယောက်ျားနှင့် မိန်းမ ခွဲမရအောင် ဖြစ်ရသည်။ လူ့အခွင့် အရေးရှုထောင့် အရသော် လည်းကောင်း၊ gender သဘောအရသော်လည်းကောင်း ယောက်ျားနှင့်မိန်းမ တန်းတူ အခွင့်အရေး ရသင့်သည်မှာ မှန်သည်။ သို့သော် တချို့သော နေရာများတွင်တော့ ယောက်ျားနှင့် မိန်းမ ရင်ပေါင် မတန်း စေချင်ပါ။ တန်းတူ အခွင့်အရေး မယူစေချင်ပါ။ အထူးသဖြင့် မူးယစ်ဆေး ကဲ့သို့ သောကိစ်္စမျိုးတွင် မိန်းကလေးများ ကို ရင်ပေါင်မတန်းစေချင်ပါ။ အကြောင်း ရှိပါသည်။ ယင်းကိစ္စတွင် ယောက်ျားလေးများကငါက ယောက်ျားလေးမို့ ဟူသည့် ခေါင်းစဉ်ဖြင့် မလုပ်စေချင်သည့်အတွက် ထပ်တိုးပြီး မိန်းကလေးတွေပါ လုပ်လာမည်ကို မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ တစ်ခုမေးချင်ပါသည်။
အရွယ်မရောက်သေးသည့် ၈တန်း၊ ၉တန်းအရွယ် အဖြူအစိမ်းဝတ်ကျောင်း သူလေးများ မူးယစ်ဆေးသုံးနေပြီဟုဆို လျှင် မိတ်ဆွေတို့အနေဖြင့် မည်ကဲ့သို့ ခံစားရမည်မသိ။ ကျွန်တော့်အဖို့မှာတော့ မှင်သက်မိကာ အံ့သြဘနန်းဖြစ်ရသလို၊ လူလည်းငုတ်တုတ်မေ့သွားမတတ်ဖြစ်ခဲ့ရသည်။ ကျောင်းသွားခါနီး ကိုးတန်းကျောင်း သူလေး၏ လွယ်အိတ်ကို စစ်ကြည့်လိုက်တော့ ဆေးလိပ်နှင့်မီးခြစ်ထွက်လာသတဲ့။ သူ့သူငယ်ချင်းတွေကို  WY ဆိုတာ ဒီလိုပုံစံမျိုးဆိုသည်ကို ခဏခဏထုတ်ပြဖူးသတဲ့။ သူငယ်ချင်းဖြစ်သူများမှာ စိုးရိမ်ထိတ် လန့်ခဲ့ရသလောက် သူမကတော့ အေးအေး ဆေးဆေး။ ဘာကိုမှ မစိုးရိမ်။ ဘာကိုမျှ မစဉ်းစား။ ဆေးလိပ်သောက်၊ ဆေးသုံးနေရလျှင် သူမအတွက် ပြီးပြည့်စုံပြီဖြစ်သည်။
ထိုကျောင်းသူကလေး ထိုကဲ့သို့ဖြစ်ရ ခြင်းမှာ အပြင်လူကို ရည်းစားထားမိရာမှ ရည်းစားဖြစ်သူ၏ သိမ်းသွင်းမှုကို ခံလိုက်ရခြင်း ဖြစ်သည်။ ရည်းစား ဖြစ်သူက မူးယစ်ဆေးသုံးသူဖြစ်နေသောကြောင့် ကောင်မလေးကိုပါ မူးယစ်ဆေး သုံးတတ်အောင် သင်ပေးသည်။ ရည်စားဖြစ်သူ အသင်းဝင်ထားသည့် လူငယ်အဖွဲ့ အစည်းထဲဝင်ချင်လျှင် ဆေးလိပ်သောက်တတ်၊ မူးယစ်ဆေးသုံးတတ်မှရမည်ဆို၍ ဆေးလိပ်သောက်တတ်၊ မူးယစ်ဆေးသုံး တတ်အောင် လုပ်ထားခြင်းဖြစ်ကြောင်း ထိုမိန်းကလေးက ဝန်ခံသည်ဟု ပြောသည်။
စိန်ဂေါ်လီတို့၊ scorpion တို့ကဲ့ သို့သော ဂိုဏ်းမျိုးကိုသာ ကြားဖူနားဝ ရှိခဲ့သည်။ ယခုတော့ ထားဝယ်လိုမြို့ငယ်လေးများတွင် ပင်လျှင် ထိုကဲ့သို့သော ဂိုဏ်းများ မည်မျှလောက်ရှိနေပြီမသိ။ မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သည့် အတွက် ဖွဲ့ထားကြမှန်းလည်းမသိ။ လောလော ဆယ်အနေအထားတွင်တော့ အချင်းချင်း ရန်ဖြစ်ကြ၊ ရိုက်နှက်ကြ၊ ခုတ်ကြထစ်ကြ နှင့်ဆိုတော့ ရည်ရွယ်ချက်ကောင်းကို မတွေ့ရသေး။ မိမိ၏သမီးလေးမှာ ကျောင်း သွားနေသည်ဟုသာ ထင်ထားသော်လည်း မူးယစ်ဆေးသုံးစွဲနေပြီး၊ လူငယ် လေးများဖွဲ့ထားသည့် ဂိုဏ်းတစ်ခုခုနှင့် ပါပတ်သက်မှုရှိနေသည်ကို သိရပါလျှင် မိဘတစ်ယောက်အနေဖြင့် မည်မျှလောက် ယူကျုံးမရဖြစ်နေလိမ့်မည်မသိ။
တချို့မိဘများ၏ ခံယူချက်ကလည်း အတော်အံ့သြသင့်စရာကောင်းသည်။ မိမိတို့သားသမီးများ ကွမ်းယာ၊ ဆေးလိပ်တို့ကို စားနေသောက်နေသည် ကို မြင်နေပါလျက် လျစ်လျူရှုထားကြ သည်။ မူးယစ်ဆေးသုံးနေမှန်းသိပါလျက် အချိန်တန်သူ့အလိုလိုပြတ်သွားမှာပါဆိုသည့်အတွေးမျိုး သူတို့တွင်ရှိနေသည် ကိုသိရတော့ အတော်လေးအံ့အားသင့် မိသည်။ ထိုကဲ့သို့သော မိဘများရှိနေ ခြင်းကြောင့်လည်း ဆယ်ကျော်သက် လူငယ်လေးများ ပို၍ပျက်စီးရပေသည်။ ကျွန်တော်တို့နိုင်ငံတွင် ထိုကဲ့သို့သော မိဘများဘယ်လောက်များနေသလဲဆိုသည်မှာ မတွေးဝံ့စရာ။
နိုင်ငံအတွက်၊ ကမ်္ဘာကြီးအတွက် အရေးကြီးဆုံးဖြစ်သော လူသားအရင်း အမြစ်များကို မွေးထုတ်ပေးကြမည့် မိခင်လောင်းလျာလေးများ ဆေးလိပ်စွဲ၊ မူးယစ်ဆေးစွဲနေခဲ့ပါလျှင် နိုင်ငံ၏အနာဂတ် မျိုးဆက်အတွက် ရင်လေးစရာကောင်းလှသည်။ အခြေခံအဆင့် ကျောင်းသူလေးများ သည်ပင်လျှင် ထိုကဲ့သို့သောအခြေအနေမျိုး ရှိနေပါလျှင်၊ ကျန်တာကျွန်တော်ဆက်မတွေးရဲတော့ပါ။
ဆိုတော့ ခေတ်ရေစီးအရ မိဘများအနေ ဖြင့် သမီးလေးမွေးထား၍ စိတ်ချက်လက် ချထားနိုင်ပြီဟု တထစ်ချယုံကြည်နေ၍ မဖြစ်နိုင်တော့။ မိန်းကလေးမွေးထားမှ မိဘများအနေဖြင့် အသက်အရွယ်ကြီး ရင့်လာလျှင် မှီခိုအားထားပြုနိုင်မည်ဆိုသည့် အတွေးအခေါ်မှာလည်း ခေတ်မမီတော့။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေး ဖြစ်ဖြစ် အားကိုးအားထား ပြုနိုင်သည့်သူ ဖြစ်လာအောင် မည်ကဲ့သို့ ပြုစုပျိုးထောင် ကြမလဲဆိုသည်ကသာ အဓိကကျလာပေ လိမ့်မည်။ အထက်တွင်ဖော်ပြခဲ့သည့် သမီးလေးမျိုးမဖြစ်အောင် တရားဥပဒေ ၏အကာအကွယ်ကိုမည်သို့ယူမည်၊ မည်ကဲ့သို့ ထိန်းကျောင်းမည်ဆိုသည်မှာလည်း အရေးကြီးလာပေပြီ။ တာဝန်ရှိသူများအနေဖြင့်သော်လည်းကောင်း၊ တာဝန်သိပြည်သူများအနေဖြင့်သော်လည်း ကောင်း ဤကိစ်္စကို အမြန်ဆုံးဝိုင်းဝန်း ထိန်းကျောင်းကြဖို့လိုပေပြီ။ တစ်ဦးကို တစ်ဦး တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြီး တာဝန်တွေလွှဲချနေ၍ မရတော့ပေ။
မိဘများကိုမှာချင်သည်မှာ သားယောက်ျားလေးဖြစ်စေ၊ သမီးမိန်းကလေးဖြစ်စေ စိတ်ချလက်ချနေ၍မရတော့။ အမြဲမပြတ် အကဲခတ်နေကြရပေတော့မည်။ သို့မှသာ မိမိတို့၏သားသမီးများ လမ်းမှားမရောက်အောင် အမြန်ဆုံးတား ဆီးနိုင်ပေမည်။ မိဘများ ကံကောင်းကြပါစေ။