တနင်္သာရီဂျာနယ်အမှု ဘယ်လိုအမိန့်မျိုး ချနိုင်လဲ

0
468

တနင်္သာရီဂျာနယ်အမှု ဖေဖော်ဝါရီ ၇ ရက်တွင် အမိန့်ချ တော့မည် ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့မှ ထားဝယ်မြို့နယ် တရားရုံးသို့ ဂျာနယ်အား အရေးယူပေးရန် ဦးတိုက်လျှောက်ထားပြီးနောက် တစ်နှစ်ကျော် အကြာတွင် မြို့နယ်တရားရုံးက ဂျာနယ်တွင် အပြစ် ရှိ/မရှိ အမိန့်ချမည် ဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ ပါ ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေး ယူပေးရန် ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထား ခဲ့သည့်အမှု ဖြစ်သည်။

သရော်စာတွင်ပါရှိသော ရေးသားဖော်ပြချက်များက ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက် ချက်များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ ပုတ်ခတ်စော်ကားခြင်း၊ ဂုဏ်သိက္ခာ ကျဆင်း အောင် သရော်ခြင်း၊ ထိခိုက်နစ်နာစေသော ဖော်ပြချက်များ ဖြစ်ခြင်းတို့ကြောင့် ဂျာနယ်တာဝန်ခံအယ်ဒီတာအား အရေးယူပေးရန် စွဲဆိုခဲ့သော အမှု ဖြစ်သည်။

တနင်္သာရီဂျာနယ်သည် တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေသည့် တစ်ခုတည်းသော ဂျာနယ်ဖြစ်ပြီး တရားစွဲသူက တနင်္သာရီ တိုင်း၏ အမြင့်ဆုံးသော အာဏာပိုင် အဖွဲ့အစည်း ဖြစ်နေသည်က ယခုအမှု၏ စိတ်ဝင်စားဖွယ် အချက်တစ်ခု ဖြစ်နေသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ကမူ ဥပဒေနှင့်အညီဖြစ်ရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။

“တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ စောင့်မှာပါ”

ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က နေပြည်တော်တွင် သတင်းမီဒီယာအချို့ကို ၂၀၁၇ ခုနှစ် နှောင်းကတည်းက ပြောဆိုထားသည်။
တိုင်းအစိုးရအဖွဲ့ကိုယ်စား တရားရုံးတွင် ဦးတိုက်လျှောက်ထားသူမှာ တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူ (ယခု ပြောင်းရွှေ့) ဖြစ်သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဦးတိုက်လျှောက်ထားပြီး တစ်ပတ်ကျော်အကြာတွင် တနင်္သာရီဂျာနယ်၏ တာဝန်ခံအယ်ဒီတာကို ရဲစခန်းက ဆင့်ခေါ် ခဲ့သည်။ သရော်စာကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် စုံစမ်းစစ်ဆေးရန် တရားရုံးက ထားဝယ် မြို့မရဲစခန်းသို့ စာပို့ခဲ့သဖြင့် ရဲစခန်းက ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ရဲစခန်းမှစစ်ဆေးရာတွင် မဲဆွယ်အပြုံး သရော်စာရေးသူ ကလောင်ရှင် မူးဆေးအိုးကို ထုတ်ဖော်ရန် ပြောဆိုခဲ့သေးသည်။

တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က မီဒီယာကျင့်ဝတ်အရ ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ဟု ငြင်းဆန်ခဲ့သည်။
သို့ကြောင့် ကလောင်ရှင် မူးဆေးအိုးမှာ လက်ရှိအချိန်ထိ မည်သူမည်ဝါဟု စုံစမ်းဆဲအဆင့်တွင်သာ ရှိနေသည်။
ထိုသို့ ရဲစခန်းမှ ခေါ်ယူစစ်ဆေးပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အမှုအား သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ)အရ အရေးယူသွားရန် ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချလိုက်သည်။
ထားဝယ်မြို့မရဲစခန်းမှူး၏ စုံစမ်းစစ်ဆေး၍ ပြန်လည်တင်ပြချက်အရ ယင်းသို့ အမိန့်ချခဲ့ကြောင်း မြို့နယ်တရား သူကြီး ဦးကျော်မြင့်က ပြောခဲ့သည်။

ထိုပုဒ်မအရဆိုက အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ ကျပ်သုံးသိန်းမှ ကျပ် ဆယ်သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။
တာဝန်ခံအယ်ဒီတာက အချုပ်လွတ်ထုချေခွင့် လျှောက်ထားခဲ့ရာ ခံဝန်ယူသူ နှစ်ဦး၏ စုစုပေါင်း အာမခံကြေး သိန်း ၂၀ အာမခံဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် တရားရုံးက ခံဝန်ပေးခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်ရုံးချိန်းတွင် ဂျာနယ်ဖက်မှ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့မှ ရှေ့နေ ၆ ဦးကို ရှေ့နေပါဝါတင် ခဲ့သည်။
ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေများထဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုဦးစီးအဖွဲ့ဝင်လည်းဖြစ်သည့် ရှေ့နေ ဦးအောင်သိန်းလည်း တစ်ဦး အပါအဝင် ဖြစ်သည်။

လက်ရှိပြဋ္ဌာန်းထားသည့် သတင်း မီဒီယာဥပဒေအရ ညှိနှိုင်းဆောင်ရွက်နိုင်သည့် လမ်းကြောင်းကို မရွေးဘဲ တရားစွဲဆိုသည့် လမ်းကို ရွေးချယ်ခဲ့ခြင်းသည် အစိုးရအနေဖြင့် အထိမခံချင်သည့် သဘောဖြစ်နေပြီး ယင်းသည် တိုင်းပြည်အတွက်ရော အစိုးရ အတွက်ပါ နစ်နာမှု ဖြစ်ရသည်ဟု တရား လွှတ်တော်ရှေ့နေ ဦးအောင်သိန်းက မှတ်ချက်ပြုထားသည်။
တရားလို တိုင်းအစိုးရဘက်မှ အစိုးရရှေ့နေများက လိုက်ပါခဲ့သည်။
တရားလိုသက်သေအဖြင့် တရားရုံးတွင် လာရောက်ထွက်ဆိုသူ ၂ ဦးဖြစ်သည့် ဒေါ်အေးအေးမိုးနှင့် ဦးအောင်ကျာ်စိုးတို့ကို နှစ်ဘက်ရှေ့နေများက အပြန်အလှန် စစ်မေးခဲ့ရာ ဒေါ်အေးအေးမိုးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ထားဝယ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဦးအောင်ကျော်စိုးမှာ တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၏ ယာဉ်မောင်း ဖြစ်နေသည်။
မြို့နယ်တရားရုံးတွင် ၁၄ ကြိမ် မြောက်ရုံးချိန်း စစ်ဆေးပြီးချိန် ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စွပ်စွဲ ခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှု ချေဖျက်(ပယ်ဖျက်)ပေးရန် တိုင်းတရားလွှတ်တော်ထံ တင်သွင်းလျှောက်ထားခဲ့သည်။
ထိုတင်သွင်းမှုကို တိုင်းတရားလွှတ်တော်က ဇူလိုင်လ ၃၁ ရက်တွင် ပလပ်(ပယ်ချ)ခဲ့သည်။

၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၄ ရက်ကတွင် ဂျာနယ်ဘက်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အမှု ချေဖျက်ပေးရန် ထပ်မံတင်သွင်းခဲ့ပြန်သည်။

“ဥပဒေအရ ပေးထားတဲ့အခွင့် အရေးကို အဆုံးစွန်အထိ အသုံးချပြီး မီဒီယာလွတ်လပ်ခွင့်နှုန်းစံအပေါ် ရပ်ပြီး ကြိုးစားမှာ ပေါ့လေ”

ဟု တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း အောက်တိုဘာလ ၂၆ ရက်တွင် လျှောက်ထားမှုကို ပလပ်(ပယ်ချ)ခဲ့ပြန်သည်။
မြို့နယ်တရားရုံးတွင် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၇ ရက်တွင် ယခုအမှုအား စွဲချက်တင်သင့်/ မသင့် နှစ်ဘက်ရှေ့နေများ လျှောက်လဲခဲ့ကြသည်။

ယခုအမှုတွင် စွဲချက်တင်နိုင်လောက်သည့် သက်သေခံဝင်သည့် အချက်များ မရှိခြင်း၊ ထင်မြင်ချက် သက်သက်ဖြင့် တရားစွဲဆို နေခြင်း၊ အာဏာရပါတီ၏ သြဇာခံများသာ လာရောက်သက်သေခံ၍ ၎င်းတို့၏ ထင်မြင်ချက်များအား လာရောက်ထွက်ဆို နေခြင်း၊ လွတ်လပ်သော သာမန်ပြည်သူတစ်ဦးတစ်ယောက်မျှ လာရောက်သက်သေခံမှု မရှိခြင်း၊ ဥပဒေအရ ဆက်လက် စစ်ဆေးရန် မလိုအပ်ခြင်း စသည်တို့ကြောင့် အမှုအား စွဲချက်တင်ဖြေရှင်းစေရန် မသင့်ဟု ဂျာနယ်ဘက်မှရှေ့နေများက လျှောက်လဲခဲ့သည်။

၂၅ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တနင်္သာရီ ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် မြို့နယ် တရားသူကြီးက အမိန့်ချခဲ့သည်။

ယင်းသို့ အမိန်ချပြီးနောက် တရားခံ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို နိုဝင်ဘာလ ၉ ရက်က စတင် စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး၊ သရော်စာဆရာ ဗြိတိသျှကိုကိုမောင်နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာဖတ်ပရိတ်သတ်များ စုစုပေါင်း ၆ ဦးကို တရားခံပြသက်သေအဖြစ် တင်သွင်း အစစ်ခံခဲ့သည်။
သက်သေအားလုံးက မဲဆွယ်အပြုံးသရော်စာသည် ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဂုဏ်သက္ခာကို ထိခိုက်စေသည်ကို မတွေ့ရဟု ထွက်ဆိုခဲ့ကြသည်။

တိုင်း၏ ရာထူးအကြီးဆုံး အုပ်ချုပ်ရေးအကြီးအကဲအနေဖြင့် ဥပဒေအရ ဖွဲ့စည်းထားသည့် သတင်းမီဒီယာကောင်စီ ရှိပါလျက်နှင့် ကောင်စီသို့ ဦးစွာ မတိုင်ကြားဘဲ တရားစွဲဆိုခြင်းမှာ ညှိနှိုင်းပြေလည်စေလိုသည့်သဘောထက် အရေးယူရန် ပိုအားသန်နေ သောအချက် ဖြစ်နေကြောင်း သတင်းမီဒီယာကောင်စီဝင် တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ- ၂၁ အရ နစ်နာသည့်အဖွဲ့အစည်းဌာန သို့မဟုတ် ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ သို့ တိုင်ကြားရန်၊ သတင်းမီဒီယာဥပဒေ ပုဒ်မ- ၂၂ အရ မြန်မာသတင်းမီဒီယာ ကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးရန်နှင့် ညှိနှိုင်းမှု မပြေလည် က တရားရုံးတွင် ဥပဒေနှင့်အညီတရားစွဲ ရန်ဟု ဖော်ပြပါရှိသည်။

တိုင်းအစိုးရသည် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီးမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
“ဒီသရော်စာအရ ဆိုလို့ရှိရင် ဒေါက်တာ လဲ့လဲ့မော်ဆိုတဲ့ နာမည်လည်း ပါမနေဘူး၊ ဝန်ကြီးချုပ်ဆိုတဲ့ နာမည် လည်း ပါမနေတော့ ဒါကတော့ သက်သက်မဲ့ ပုဂ္ဂိုလ်ရေးအရ personal emotion (ပုဂ္ဂိုလ်ရေးအရ စိတ်ခံစားမှု)နဲ့ လုပ်တယ်လို့ပဲ မြင်တယ်”ဟု တရားခံ သက်သေအဖြင့် လိုက်ပါဆောင်ရွက်သူ ဒေါ်မာလာ(ထားဝယ်အမျိုးသမီးသမဂ္ဂတွင် အထွေအထွေအတွင်းရေးမှူး)က ပြောသည်။

တရားခံပြသက်သေများအား စစ်ဆေးပြီးနောက် ၂၀၁၈ ဇန်နဝါရီလ ၁၀ ရက်နေ့ ၃၃ ကြိမ်မြောက် ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေ များက အပြီးသတ်လျှောက်လဲချက် ဖတ်ကြား တင်သွင်းခဲ့ကြသည်။
တိုင်း၏ အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာပိုင်တစ်ဦးက မိမိကို ထိခိုက်စေသည်ဟု ထင်မြင်ယူဆပြီး တရားစွဲဆိုသော အနေအထား သာဖြစ်၍ ခေတ်ကာလ အနေအထားအရသော်လည်းကောင်း ဒီမိုကရေစီအစိုးရအနေဖြင့်လည်းကောင်း၊ သတင်းမီဒီယာ၏ လုပ်ရိုးလုပ်စဉ်အရလည်းကောင်း၊ နှစ်ဘက်သက်သေ ထွက်ဆိုချက်များအရသော်လည်းကောင်း၊ ထိခိုက်စေသည်၊ နစ်နာစေ သည်ဟု ယူဆရန် အကြောင်းအကျိုး ခိုင်မာမှု မရှိသောကြောင့် စွဲချက်တင်ခံရသူအား အမှုမှ အပြီးအပြတ် လွှတ်ပေးသင့်ကြောင်း တရားခံရှေ့နေဘက်မှ လျှောက်ထားခဲ့သည်။

အမှုဖြစ်ပေါ်နေစဉ် ရုံးချိန်းတစ်လျှောက်လုံးတွင် တရားလို တိုင်းအစိုးရဘက်မှ အမှုအတွက် ချိန်းဆိုခံရသူ တရားလို၊ တရားလိုပြ သက်သေများမှအပ တာဝန်ရှိသူ တိုင်းအစိုးရအဖွဲ့ဝင်များ၊ အခြားသော အမှုကိုလာရောက်ကြားနာသည့် ဧည့်ပရိသတ်များ လာရောက်နားထောင်သည်ကို မတွေ့ရပေ။

ဂျာနယ်ဘက်တွင်မူ ရုံးချိန်းတိုင်း တာဝန်ခံအယ်ဒီတာနှင့် တနင်္သာရီဝိုင်းတော်သားများအပြင် ဂျာနယ်ပရိသတ်များပါ လာရောက်နားထောင်ကြသည်ကို တွေ့ရသည်။

ယခုအမှု မည်သို့ အဖြေထွက်မည်ကို တရားသူကြီးအပေါ် များစွာ တည်မှီကြောင်း အမှုကို စိတ်ဝင်တစား စောင့်ကြည့်နေ သူတစ်ချို့က သုံးသပ်နေကြသည်။

တနင်္သာရီဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကလည်း လက်ရှိအမှုတွင် တရားရုံးအနေဖြင့် ပြဋ္ဌာန်းဥပဒေများအပြင် ကျင့်ဝတ်နှုန်းစံများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

“တရားသူကြီးရဲ့ ဆင်ခြင်တုံတရား ၊ ဥာဏ်ပညာကြီးမားမှု၊ လက်ရှိ အခင်းအကျင်းအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း စဉ်းစားမှု အပေါ်မှာ မူတည်တယ်”

ဟု ဦးမျိုးအောင်က မီဒီယာများသို့ ပြောဆိုထားသည်။

အမှုကို ဇန်န၀ါရီလ ၂၄ ရက်က အမိန့်ချရန် ချိန်းဆိုထားသော်လည်း အမိန့်မချဖြစ်ခဲ့ပါ။ တရားသူကြီး ဦးကျော်မြင့် နေပြည်တော်သို့ အစည်းအဝေးသွားနေသဖြင့် အမိန့်ချရန် ဖေဖော်ဝါရီလ ၇ ရက်ကို ပြည်လည်ချိန်းဆိုခဲ့ကြောင်း ဦးမျိုးအောင်က ပြောသည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာ ဖြစ်ပြီး ယင်းတရားစွဲ ဆိုမှုမှာ တနင်္သာရီတိုင်းအတွင်း NLD အစိုးရ လက်ထက်မီဒီယာကို ပထမဆုံး တရားစွဲဆိုမှု ဖြစ်သည်။
တနင်္သာရီ ဂျာနယ်သည် ဥိးသိန်းစိန် အစိုးရလက်ထက်ကတည်းက ထုတ်ဝေခဲ့ပြီး ယခု NLD အစိုးရသစ် လက်ထက်တွင် ပထမဆုံး တရားစွဲဆိုခံရခြင်း ဖြစ်သည်။

တနင်္သာရီဂျာနယ်သည် တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေသည့် တစ်ခုတည်းသော ဂျာနယ်ဖြစ်ပြီး တရားစွဲသူက တနင်္သာရီတိုင်း၏ အမြင့်ဆုံးသော အာဏာပိုင် အဖွဲ့အစည်း ဖြစ်နေသည်က ယခုအမှု၏ စိတ်ဝင်စားဖွယ် အချက်တစ်ခု ဖြစ်နေသည်။

“လျှောက်ထားတဲ့သူက တိုင်းမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်နေတယ်၊ တရားရုံးကလည်း တိုင်းထဲမှာ ပဲရှိတဲ့ တရားရုံးဆိုတော့ တရားရုံးက တကယ်ပဲ လွတ်လွတ်လပ်လပ် စီရင်နိုင် ပါ့မလားဆိုတာ စိုးရိမ်စရာတွေ ရှိတယ်”

ဟု မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောဆိုသည်။

တနင်္သာရီ သတင်းအဖွဲ့