ကျေးရွာပေါင်း၁၇၀ တွင် တစ်အိမ်သုံးဆိုလာ တစ်သောင်းနီးပါးတပ်ဆင်မည်

0
373

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း ရှိ ကျေးရွာပေါင်း ၁၇၀ တွင် တစ်အိမ်သုံး ဆိုလာအစုံရေ တစ်သောင်းနီးပါး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
ဘက္ထရီအိုး၊ အင်ဗာတာ၊ မီးကြိုး၊ မီးသီးငါးလုံးနှင့် ဆက်စပ်ပစ္စည်များ အပါအဝင် တစ်အိမ်သုံး ၆၀ ဝပ် အမျိုးအစား ဆိုလာ လေးထောင်နီးပါး(၃၈၇၈) နှင့် ၁၀၀ ဝပ် အမျိုးအစား ဆိုလာခြောက်ထောင် နီးပါး (၅၉၀၅) စုစုပေါင်း ဆိုလာ တစ်သောင်းနီးပါး (၉၇၈၅) စုံ တပ်ဆင်မည်ဖြစ်ကြောင်း အထက်ပါဌာန စာရင်းများအရ သိရသည်။
ယင်းဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများကို ထားဝယ်ခရိုင်ရှိကျေးရွာ ၁၅ ရွာ၊ မြိတ်ခရိုင်တွင်၈၅ ရွာနှင့် ကော့သောင်းခရိုင်တွင် ၇၀ ရွာ စုစုပေါင်း ရွာပေါင်း ၁၇၀ တွင် တပ်ဆင်မည်ဖြစ်ကြောင်း အထက်ပါ ဌာန စာရင်းများအရ သိရသည်။
ယင်းဆိုလာပြားများနှင့် ဆက်စပ် ပစ္စည်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို တပ်ဆင်မည့်သူက ကျခံရမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ကမ္ဘာဘဏ်နှင့် ၆၀ ရာခိုင် နှုန်းကို အစိုးရရန်ပုံငွေဖြင့် အကုန်ကျခံလုပ်ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါဌာနဒုတိယ ညွှန်ကြားရေးမှူး (နည်း ပညာ) ဦးကျော်ကျော်အောင်က ပြောသည်။
ယင်းကြောင့် ၆၀ ဝပ် ဆိုလာပြား ရသူများက ကျပ်ငါးသောင်း၊ ၁၀၀ ဝပ် ဆိုလာပြားရသူများက တစ်သိန်းငါး သောင်းကျပ်ကို နှစ်ကြိမ်ခွဲကာ ပေးသွင်းရ မည်ဖြစ်ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။
“ဇန်န၀ါရီလထဲမှာတော့ ဆိုလာတပ်မယ့်ရွာတွေမှာ ပစ်္စည်သယ်ယူမယ့် လမ်းကြောင်းတို့၊ ရွာအခြေအနေတို့ကို အကြို စစ်တမ်းကောက်တဲ့သဘော စလုပ်တော့မယ်”ဟု ၎င်းက ဆိုသည်။
ယင်းဆိုလာပြားများတပ်ဆင်ရွာများအနက် တစ်ခုဖြစ်သည့် လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်းကျေးရွာ အုပ်ချုပ် ရေးမှူးကမူ ဆိုလာပြားတန်ဖိုးကျသင့်ငွေ စုစုပေါင်း၏ တစ်ဝက်ကို ပေးသွင်းရမည် ဟု သိထားကြောင်း ပြောသည်။
“သူတို့(ကျေးလက်ဌာန)လာပြော တုန်းကတော့ တစ်ဝက်ကြေးပေးရမယ်လို့ ပြောတယ်။ ခြောက်သောင်းတန်တဲ့နေရာမှာ သုံးသောင်းပေးရမယ်လို့ပြောတယ်” ဟု ပြင်ကြီးကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။
ဆိုလာပြားတပ်မည့်ကျေးရွာများရှိ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ ဘာသာရေးအဆောက်အအုံနှင့် လမ်းမီးများကိုလည်း အခမဲ့တပ်ဆင်ပေးမည်ဖြစ် ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။
တနင်္သာရီတိုင်းတွင် တစ်အိမ်သုံး ဆိုလာပြားများကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကျေးရွာ ၂၂၈ ရွာ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၁၈ ရွာ တပ်ဆင်ခဲ့ ပြီးဖြစ်ကြောင်း အထက်ပါဌာန စာရင်းများ အရ သိရသည်။

 

ကျော်သူစိုး