မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

0
553

တနင်္သာရီတိုင်းအတွင်း မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(တိုင်း)ကို ဇန်နဝါရီ လ ၁၆ ရက်က ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူးနှင့် တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုဟိန်းထက်က ပြောသည်။
တိုင်းအစိုးရရန်ပုံငွေဖြင့် တည်ဆောက်မည့် အများပြည်သူအဆောက်အအုံများတွင် မသန်စွမ်းသူများ အကျုံးဝင်အသုံး ပြုနိုင်မည့် ၀ှီးချဲသွားလမ်းကဲ့သို့ နေရာများ ထည့်သွင်းတည်ဆောက်ထားခြင်းရှိ/ မရှိကို စောင့်ကြည့်ခြင်း၊ ညှိနှိုင်းလုပ်ဆောင် ခြင်းများ လုပ်ဆောင်နိုင်ရန် အထက်ပါ အဖွဲ့ကိုဖွဲ့စည်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအဖွဲ့အနေဖြင့် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်မည့် ဈေး၊ အပန်း ဖြေနေရာများ အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများတွင် မသန်စွမ်းသူများ အကျုံးဝင်အသုံး ပြုနိုင်သည့် နေရာများ ပါဝင်စေရန် ညှိနှိုင်းခြင်း၊ စောင့်ကြည့်ခြင်းများ လုပ်ဆောင်မည် ဖြစ်သည်။
စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများ အပြင် လမ်းဦးစီးဌာန၊ အဆောက်အအုံ ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနတို့က တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင်လည်း မသန်စွမ်းသူများ အကျုံးဝင်အသုံးပြုနိုင်သည့် နေရာများ ပါဝင်စေရန် စောင့်ကြည့်မည်ဖြစ်ကြောင်း ကိုဟိန်းထက်က ဆိုသည်။
တိုင်းဒေသကြီး မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်း ရေးအဖွဲ့တွင် လူငယ်ကိုယ်စားလှယ် ၄ ဦးနှင့် သက်ဆိုင်ရာဌာနများမှ အစိုးရကိုယ်စားလှယ် သုံးဦးပါဝင်သည်။
“အနီးကပ် တွေ့ဆုံတဲ့ဟာလေးတွေ၊ ပေါင်းစပ်ညှိနှိုင်းတဲ့ဟာလေးတွေ ဒါလေးတွေ လုပ်ဖို့အတွက်သာ ရည်ရွယ်ပါတယ်၊ ဘာလုပ်ပါဆိုပြီး ဝင်ရောက်စွက်ဖက်တာမျိုးတော့ ဆောင်ရွက်မှာ မဟုတ်ပါဘူး”ဟု ကိုဟိန်းထက်က ပြောသည်။
အထက်ပါအဖွဲ့ကို တိုင်းအဆင့်ဖွဲ့ စည်းသည့်အပြင် ခရိုင်၊ မြို့နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံအများစုတွင် မသန်စွမ်းများအတွက် အကျုံးဝင်အသုံးပြုနိုင်သည့် နေရာမတွေ့ရသေးကြောင်း တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ မသန်စွမ်းကိုယ် စားလှယ်တစ်ဦးဖြစ်သည့် ကိုမျိုးမင်းဦးက ဆိုသည်။
“(ဖွဲ့စည်းပြီးပါက) လက်ရှိအခြေ အနေထက် ပိုကောင်းတဲ့ အခြေအနေတစ်ခု ရောက်လာမယ်လို့ မျှော်လင့်တယ်””ဟု ကိုမျိုးမင်းဦးက ပြောသည်။
လက်ရှိတွင် ဌာနဆိုင်ရာအချို့က ရန်ပုံငွေမလုံလောက်မှုကြောင့် မသန်စွမ်း များ အကျုံးဝင်အသုံးပြုနိုင်သည့် နေရာ ထည့်သွင်းတည်ဆောက်ရန် အခက်အခဲရှိသည်ဟု ပြောဆိုနေကြကြောင်း ၎င်းက ဆို သည်။
တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတွင် တိုင်းလူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

 

ကိုဇော်