ကံပေါက်တွင် ဧကငါးသောင်းကျော် ဓာတ်သတ္တု စမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္မဏီ အဆိုပြုမှု မြေပြင်အခြေအနေ စိစစ်ဆဲ

0
418

ကံပေါက်ဒေသရှိ မြေဧက ငါးသောင်းကျော်တွင် ဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္ပဏီက အဆိုပြုမှုကို မြေပြင်အခြေအနေ စိစစ်ဆဲဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဇန်န၀ါရီ ၇ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက်၌ သတ္တုထုတ်နေသည့် ဒယ်လ်ကိုကုမ်္ပဏီက ၎င်း၏သတ္တုလုပ်ကွက်နှင့် တစ်ဆက်တစပ်တည်းရှိ မြေဧက ၅၂၂၂၁ ဧကတွင် စမ်းသပ်တိုင်းတာရန် အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် သက်ဆိုင်ရာ ဌာန များက မြေပြင်အခြေအနေကို ကွင်းဆင်း စိစစ်ကာ အချက်အလက် ကောက်ယူနေဆဲ ဟု ၀န်ကြီးက ပြောသည်။
“မြေပြင်အခြေအနေ စစ်ဆေးဆဲပါ၊ မြေကတော့ သတ္တုမြေပါပဲ၊ ဒါပေမဲ့ မြေပြင်မှာ ရှိနေတဲ့အနေအထားကို အချက်အလက် စုဆောင်းနေပါတယ်”ဟု ဝန်ကြီးက ဆိုသည်။
မြေပြင်အခြေအနေတွင် ရွာမြေများ ဥယျာဉ်ခြံမြေများ ပါမပါ၊ ပါနေပါက မည် သို့ ဆောင်ရွက်မည်ကို စိစစ်ပြီးမှ သိနိုင် မည်ဟု ၀န်ကြီးက ပြောသည်။
“စိစစ်ပြီးမှ သိမယ်၊ ကျွန်တော်တို့ (တိုင်းအစိုးရ)ကတော့ (ပြည်ထောင်စုကို)သဘောထားမှတ်ချက် ပေးရုံပါ”ဟု ၎င်းက ပြောသည်။
ကုမ်္ပဏီဘက်မှ တင်ပြသည့် အဆိုပြု မြေ၏ တည်နေရာအညွှန်းများအရ မြေပုံ ကြမ်းရေးဆွဲရာတွင် အဆိုပြုမြေသည် ၃၆ မိုင်ပတ်လည်ခန့် ကျယ်ဝန်းပြီး ကျေးရွာ ၂၀ နီးပါးနှင့် ယင်းရွာများ၏ ဥယျာဉ်ခြံမြေများ ပါဝင်နေသည်။
မြေပုံကြမ်းအရ ပါဝင်သည့်ကျေးရွာများမှာ ကံပေါက်၊ အုန်းပင်ကွင်း၊ ဂန့်ဂေါ်တောင်၊ တောင်ပယ၊ မြောက်ပယ၊ ခွေးမဖော၊ သစ်လှတော၊ ဇာဒီ၊ ခေါင်ပြန်၊ ကျောက်ထရံ၊ ဖြူနှပ်၊ ဖားချောင်းအင်း၊ မီးတိုင်တက်၊ မော်ကြီး၊ ဖောင်းတော၊ ဖားချောင်း၊ တောင်ရမ်းအင်း စသည့်ရွာ များဖြစ်ပြီး အဆိုပြုဧရိယာအတွင်း ကျရောက် နေနိုင်သည့် ရွာအနည်းငယ် ကျန်နိုင်သေးသည်။
စမ်းသပ်တိုင်းတာမှုအတွင်း ဒေသခံများ၏ဥယျာဉ်များ ထိခိုက်မှုမရှိနိုင်ကြောင်းနှင့် အကယ်၍ ထိခိုက်မှုအနည်းငယ်ရှိက ဥယျာဉ်ခြံပိုင်ရှင်နှင့် သဘောတူညီမှုရယူ ကာ ထိုက်သင့်သည့်လျော်ကြေးပေးချေမည်ဟု ကုမ္ပဏီဘက်မှ ကတိပြုထားကြောင်း ကံပေါက်ရွာသားတစ်ဦးက ပြော သည်။
ဒယ်လ်ကိုကုမ်္ပဏီသည် ကံပေါက် သတ္တုမိုင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူလုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် မြေဧက ၂၀၈၇ ဧကကို ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ကိုင်ခွင့် ရရှိထားသည်။
သတ္တုထုတ်ယူမှုကြောင့် ဒေသခံတို့ ၏ လူနေမှုဘဝထိခိုက်မှုများအပါ် ကုမ္ပဏီဘက်မှ တာဝန်ယူ၊ တာဝန်ခံမှု မရှိခြင်း၊ ရွာသားများနှင့်ညှိနှိုင်းမှုမရှိခြင်းကြောင့်ဟုဆိုကာ ဒယ်လ်ကိုကုမ္ပဏီအနေ ဖြင့် သတ္တုတွင်း ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ရေးအတွက် ကံပေါက်ဒေသခံတို့ က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ဆန္ဒပြခဲ့ဖူးသည်။

 

Dawei Watch