တိုင်းအစိုးရအဖွဲ့၏ ဦးစားပေး လုပ်ငန်း ၁၂ ခုကို ထုတ်ပြန်

0
436

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာရေးနှစ်တွင် ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်း ၁၂ ခုကို ထုတ်ပြန်ခဲ့သည်။
ဇန်န၀ါရီလ ၁၇ ရက်က ပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာ အချက်အလက်များစာစောင်တွင် ထည့်သွင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က ဦးစားပေးလုပ်ငန်း ၁၄ ခုကို သတ်မှတ်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ၁၂ ခုသာ သတ်မှတ်ထားသည်။
လက်ရှိ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းအတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက် ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများနေထိုင်ရေးအတွက် အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး အစရှိသည့် လုပ်ငန်း ၁၂ ခုကို ဦးစားပေးအဖြစ် ထည့်သွင်းထားသည်။
လက်ရှိဘဏ္ဍာနှစ်၏ ဦးစားပေးလုပ် ငန်း ၁၂ ခုတွင် ထူးခြားချက်အနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုဖော်ထုတ်ရေး(ဆလုံလူ မျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး)ဆိုသည့် လုပ်ငန်းတစ်ခု ပါဝင်လာသည်။
ဘတ်ဂျက်ရေးဆွဲရာတွင် ယင်းဦးစားပေး လုပ်ငန်းများကို အခြေခံကာဦးစားပေး ရေးဆွဲကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။
“ဒီမူဝါဒတွေကလည်း နိုင်ငံတော်ရဲ့ စီိးပွားရေးမူဝါဒ ၁၂ ရပ်အပေါ်မှာ အခြေခံ ပြီးတော့ အထောက်အကူပြုစေရန်နဲ့ ကိုယ့်ဒေသမှာ အားနည်းတဲ့ကဏ္ဍလေးတွေမှာ ပြန်ပြီးတော့ ဦးစားပေးတင်လိုက်တာဖြစ် ပါတယ်”ဟု ဦးနေလင်းထက်က ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်၏ စုစုပေါင်း အသုံးစရိတ်အနက် လမ်းဦးစီးဌာန (ကျေးလက်လမ်းဌာနအပါအဝင်)ကို ၅၃ ရာခိုင်နှုန်းကျော်အထိ ရန်ပုံငွေ ခွဲဝေပေးထားသည်။

 

ကိုဇော်