ထားဝယ် ပညာရေးကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းသား ငါးရာခေါ်မည်

0
373

၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းအတွက် သင်တန်းသားငါးရာ ခေါ်ယူမည်ဖြစ်ကြောင်း ထားဝယ်ပညာရေးကောလိပ်ထံမှ သိရသည်။
ယမန်နှစ်က သင်တန်းသား ၂၀၀ ခေါ် ယူခဲ့ပြီး လာရောက်လျှောက်ထားသူ ၁၃၀၀ ဦး ကျော်ရှိကြောင်း ထားဝယ်ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီသန်းက ပြောသည်။
“ဆရာလိုအပ်ချက် တအားများလို့၊ ကျောင်းတွေမှာ ဆရာ မလုံလောက်တာတွေ တပုံကြီးလေ၊ ဆရာတစ်ယောက်ဖြစ်ဖို့က မလွယ်ဘူး၊ တအားလေ့ကျင့်ရတယ်”ဟု ဒေါ်နီနီသန်းက ဆိုသည်။
ဇန်န၀ါရီလ ၁၄ ရက်မှ ၂၄ ရက် အထိ ထားဝယ်ပညာရေးကောလိပ်တွင် လျှောက်ထားရမည်ဖြစ်ကြောင်း ယင်း ကောလိပ်ထံမှ သိရသည်။

လျှောက်ထားသူများသည် ပညာရေးကောလိပ်က သတ်မှတ်ထားသည့် ဘာသာရပ် ၂၅ မျိုးမှ ဘွဲ့ တစ်ခုခုရရှိထားသူများ ဖြစ်ရမည်ဟု ထားဝယ်ပညာရေးကောလိပ်ထံမှ သိရသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးစီးအောင် တက်ရောက် ခြင်းမရှိပါက သတ်မှတ်လျော်ကြေး သုံးသိန်း နှင့် အတူ လစဉ်ထောက်ပံ့ကြေးကို ပြန်လည် ပေးလျော်ရမည်ဖြစ်ကြောင်း ဒေါ်နီနီသန်းက ဆိုသည်။

မူလတန်းဆရာ အတတ်ပညာသင် တန်းလျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာဗဟုသုတ ရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာပညာရေးကောလိပ်များတွင် ဖြေဆိုရ မည် ဖြစ်သည်။

 

ကျော်သူစိုး